• တရုတ်နိုင်ငံ၏ နည်းပညာဆိုင်ရာ အင်အားကြီးမားသူကို အမေရိကန်ဈေးကွက်က ဆက်၍ ပိတ်ဆို့ထားလျှင် နံပါတ်တစ် 5G မိုဘိုင်း အင်တာနက် ဖြစ်လာစေရေးဆိုတဲ့ အမေရိကန်၏ ရည်မှန်းချက်ကို အကောင်အထည် ဖော်နိုင်ဖွယ်ရာ မရှိကြောင်း Huawei ၏ အလှည့်ကျဥက္ကဋ္ဌ တစ်ဦးဖြစ်သူ Eric Xu က CNBC သို့ ပြောကြားလိုက်သည်။

• Huawei ကို ဈေးကွက်ထဲ မဝင်နိုင်အောင် ဖယ်ထုတ်ထားခြင်းသည် စက်ကိရိယာပစ္စည်းများ ဝယ်ယူလျက်ရှိသည့် သုံးစွဲသူများနှင့် ဆက်သွယ်ရေးကုမ္ပဏီများ နှစ်မျိုးစလုံးအတွက် ဈေးနှုန်းများ ပိုမိုမြင့်မားလာစေမည်ဟု Xu က အကြောင်းပြ ပြောဆိုလိုက်သည်။

• Huawei သည် ၂၀၁၂ ကတည်းက အမေရိကန်သို့ ဆက်သွယ်ရေးကွန်ရက် စနစ်များ ရောင်းချခြင်းမှ ပိတ်ဆို့ခံထားရသည့်အပြင် သြစတြေးလျကဲ့သို့ အခြားနိုင်ငံများထံမှ ဖိအားကိုလည်း ရင်ဆိုင် နေရသည်။

ဝါရှင်တန်အစိုးရသည် မိမိတို့ကို အမေရိကန် ဈေးကွက်အတွင်း ပါဝင်ခြင်းမှ ဆက်၍ ပိတ်ဆို့ထားလျှင် နောက်မျိုးဆက် မိုဘိုင်းအင်တာနက်တွင် ကမ္ဘာကို ဦးဆောင်ရန် အမေရိကန်၏ ရည်မှန်းချက်များကို အကောင်အထည် ဖော်နိုင်ဖွယ်ရာ မရှိကြောင်း တရုတ် နည်းပညာဆိုင်ရာ အင်အားကြီးမားသူ Huawei က ကြာသပတေး နေ့တွင် သတိပေးလိုက်သည်။

ကျယ်ကျယ်ပြန့်ပြန့် ချီးမွမ်းထောပနာ ပြုထားကြသည့် 5G ဟုသိထားကြသော နည်းပညာအသစ်က သုံးစွဲသူများအနေဖြင့် ရုပ်ရှင်များကို စက္ကန့်ပိုင်းအတွင်း download ပြုလုပ်နိုင်စေပြီး အချက်အလက် မြောက်မြားစွာ စုဆောင်းရန် လိုအပ်သည့် Smart City ကဲ့သို့ အခြေခံအဆောက်အအုံများကို ထောက်ပံ့ပေးနိုင်မည် ဖြစ်သည်။ အမေရိကန် နှင့် တရုတ် နိုင်ငံ နှစ်ခုစလုံးသည် ထိုနယ်ပယ်တွင် ဦးဆောင်သူများ ဖြစ်လာရန် ပြိုင်ပွဲအတွင်းတွင် ရှိနေပါသည်။

သို့သော် ကမ္ဘာ့အကြီးဆုံး ဆက်သွယ်ရေးကွန်ရက် ကိရိယာ ထုတ်လုပ်သူဖြစ်သည့် Huawei သည် ၂၀၁၂ ကတည်းက အမေရိကန် ဈေးကွက်ထဲ ဝင်ရောက်ခြင်းမှ တားမြစ်ခံထားရပါသည်။ အမေရိကန်၏ လုပ်ဆောင်မှုသည် နောက်ထပ် နည်းပညာရှေ့တန်းနယ်မြေသစ် ဖောက်ထွက်ရန် နိုင်ငံ၏ ရည်မှန်းချက်ကို ထိခိုက်စေနိုင်သည်ဟု Huawei ၏ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်သူ Eric Xu က ကြာသပေတေးနေ့တွင် CNBC သို့ မန်ဒရင်းတရုတ် ဘာသာစကားဖြင့် ပြောကြားခဲ့သည်။

“5G နည်းပညာကို ဦးဆောင်သူအဖြစ် Huawei က အမေရိကန် သုံးစွဲသူတွေအတွက် 5G ဖြေရှင်းချက်နဲ့ ဝန်ဆောင်မှုတွေ ထောက်ပံ့ပေးဖို့ အခွင့်အရေး မရရှိခဲ့ပါဘူး။ ပြီးတော့ အဓိက ဦးဆောင်လှုပ်ရှားသူကို ပါဝင်ဆောင်ရွက်မှုကနေ တားဆီးထားရင်းနဲ့ အမေရိကန်ဈေးကွက်က ပြိုင်ဆိုင်မှု အပြည့်အဝမရှိတဲ့ ဈေးကွက်ဖြစ်လာနေပါတယ်။ အခုတော့ 5G နည်းပညာမှာ ကမ္ဘာ့နံပါတ်တစ် ဖြစ်လာဖို့ဆိုတဲ့ သူတို့ရဲ့ရည်မှန်းချက်ကို အမှန်တကယ် ဖြစ်မြောက်အောင် လုပ်နိုင်ပါ့မလား ကျွန်တော့် အနေနဲ့ မသေချာ တော့ပါဘူး။” ဟု ပြောကြားခဲ့ကြောင်း CNBC က မှန်ကန်သည်ဟု အတည်ပြု ထားပြီးဖြစ်သည့် ဘာသာပြန်မှုအရ သိရသည်။

အများမျှော်လင့်စောင့်စားလျက်ရှိသည့် 5G ဈေးကွက်အတွင်း Huawei ကို မဝင်ရောက်နိုင်အောင် တားဆီးထားခြင်းသည် ပြိုင်ဆိုင်မှု နည်းလာစေပြီး သုံးစွဲသူများအနေဖြင့် ဖုန်းဘီလ်များ ပို၍ ပေးဆောင်ရမှု နှင့် ဆက်သွယ်ရေး ကုမ္ပဏီများက ပို၍ ငွေကုန်ကြေးကျခံ သုံးစွဲရမှုဖြစ်လာစေနိုင်ကြောင်း Xu က အလေးပေးထောက်ပြ ပြောဆိုခဲ့သည်။

“5G နည်းပညာ ဦးဆောင်သူတွေ ပေးဝင်ခြင်း မရှိဘူး၊ အပြည့်အဝ ပြိုင်ဆိုင်မှုမရှိဘူးဆိုရင် ဆက်သွယ်ရေး ကုမ္ပဏီတွေဟာ ဆက်သွယ်ရေးကွန်ရက်ကို စတင်တည်ထောင်ဖို့ 5G ကိရိယာတွေ ဝယ်ဖို့ ပိုပြီးသုံးစွဲရပါလိမ့်မယ်။ သုံးစွဲသူတွေအနေနဲ့လည်း နည်းပညာ ဦးဆောင်သူတွေ ရှိတဲ့ ဈေးကွက် နဲ့ ယှဉ်ရင် အရည်အသွေးပိုင်းအရ သိပ်မကောင်းလှတဲ့ 5G ဝန်ဆောင်မှုတွေကို ပိုပြီး ဈေးကြီးပေး ဝယ်ယူနေရပါလိမ့်မယ်။” ဟု Xu က ပြောသည်။

၂၀၁၂ တွင် အမေရိကန် အစိုးရက Huawei နှင့် တရုတ်ပိုင် ZTE တို့သည် နိုင်ငံ၏ အမျိုးသား လုံခြုံရေးအတွက် အန္တရာယ်ရှိသည်ဟု ဆိုပြီး ထို ကုမ္ပဏီများကို အမေရိကန်နိုင်ငံအတွင်း ဆက်သွယ်ရေး ကွန်ရက် ကိရိယာရောင်းချခြင်းမှ ပိတ်ပင်တားဆီးခဲ့သည်။ ထို ကုမ္ပဏီများမှ ကိရိယာများသည် အမေရိကန် ဆက်သွယ်ရေး ကွန်ရက်များအတွင်း တရုတ်အစိုးရမှ ဝင်ရောက်နိုင်ရန် လျှို့ဝှက်လမ်းဖွင့်ပေးနိုင်သည် ဟု ဝါရှင်တန် အစိုးရက စွပ်စွဲခဲ့သည်။ ထို စွပ်စွဲမှုကို Huawei နှင့် ZTE နှစ်ခုစလုံးမှ အကြိမ်ကြိမ် ငြင်းဆိုထားသည်။
သို့ရာတွင် အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲ ဆက်လက်ဖြစ်ပွားနေသည့် နောက်ခံ အခြေအနေတွင် အမေရိကန်အစိုးရသည် ပို၍ ဖိအားပေးရန် ကြိုးစားလျက်ရှိသည်။ ပြီးခဲ့သည့်အပတ်က ဝါရှင်တန်အစိုးရသည် မဟာမိတ်နိုင်ငံများအတွင်း Huawei ၏ ကိရိယာပစ္စည်းများ သုံးစွဲခြင်းမှ ရှောင်ကြဉ်ရေးအတွင် မိုဘိုင်းဖုန်းလိုင်းအော်ပရေတာများကို စည်းရုံးရန် ကြိုးစားလျက်ရှိသည်ဟု Wall Street ဂျာနယ်က ဆိုသည်။ အမှန်တကယ် လုံခြုံရေးဆိုင်ရာ ပူပန်မှုများထက် နိုင်ငံရေးသဘောပို၍ ဆက်နွှယ်နိုင်သည်ဟု ရှီက ဆိုခဲ့ပါသည်။

“ကျွန်တော့်စိတ်ထဲ အမြဲ တရစ်ဝဲဝဲရှိနေတဲ့ မေးခွန်းတစ်ခုရှိတယ်။ နိုင်ငံအာဏာပိုင်ဖြစ်တဲ့ အမေရိကန် အစိုးရက ကော်ပိုရေးရှင်း လုပ်ငန်းတစ်ခုဖြစ်တဲ့ Huawei ကို ဘာကြောင့် ပစ်မှတ်ထားနေရတာလဲ။ ကျွန်တော်တို့က 5G နည်းပညာမှာ သိပ်ကောင်းနေလို့လား။ ဒါမှမဟုတ် သူတို့မှာ ကျွန်တော် အသေအချာမသိတဲ့ အကြောင်းရင်းတွေ ရှိနေလို့လား။ 5G က ဆိုက်ဘာလုံခြုံရေးပြဿနာတွေ သယ်ဆောင်လာလိမ့်မယ်လို့ ပြောရင် ဒါတွေက နိုင်ငံရေးနဲ့ နွှယ်တဲ့ မှတ်ချက်တွေပဲလို့ ကျွန်တော်ပြောမယ်။ ပြီးတော့ အားလုံးက တကယ့်အဖြစ်မှန်အပေါ် အခြေခံတာ မဟုတ်ပါဘူး။ ဒီ သံသယတွေ အားလုံးအတွက် … သက်သေပြစရာ တကယ့်ဖြစ်ရပ်မှန်တွေ မယ်မယ်ရရ မရှိပါဘူး။” ဟု Xu ကပြောသည်။

ထို့အပြင် Huawei သည် သြစေတြးလျတွင် 5G ကိရိယာများ ရောင်းချခြင်းမှ တားဆီးခံထားရပြီး နယူးဇီလန် စည်းမျဉ်းထိန်းသိမ်းရေး အာဏာပိုင်များကလည်း ၎င်းနိုင်ငံ၏ ဆက်သွယ်ရေးလုပ်ငန်း အဖွဲ့အစည်း တစ်ခုက တရုတ်ကုမ္ပဏီ၏ ကိရိယာများ ဝယ်ယူလိုကြောင်း အဆိုပြုချက်ကို ပယ်ချခဲ့သည်။ ထိုသို့ အခက်အခဲ ရေဆန်လမ်းဖြင့် ကြုံတွေ့နေရသော်လည်း Huawei သည် ပြဿနာများ ဖြေရှင်းပေးရန် တရုတ်အစိုးရထံမှ အကူအညီရှာဖွေမည် မဟုတ်ကြောင်း Xu က ပြောပါသည်။

“Huawei က ကျွန်တော် တို့ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ တရုတ်အစိုးရဆီက အကူအညီ မတောင်းခဲ့သလို နောင်လည်း တောင်းခံမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့က ကိုယ်ကိုယ့်ကိုယ် ပဲ အားကိုးတယ်။ ကျွန်တော် တို့ရဲ့ ကောင်းမွန်တဲ့ ထုတ်ကုန်တွေ နဲ့ ကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေကိုပဲ အားကိုးပါတယ်။ အချို့သော နိုင်ငံတွေက ကျွန်တော်တို့ကို မရွေးချယ် တာတောင် ကျွန်တော်တို့အဆင်ပြေပါတယ်။ ဒါပေမဲ့ ကမ္ဘာတစ်ဝန်းက အစိုးရ အမျိုးမျိုးရဲ့ ဉာဏ်အမျှော်အမြင်ကို ကျွန်တော် ယုံကြည်ပါတယ်။ သူတို့ဘာကို လိုချင်တယ်၊ ဘာကို မလိုချင်ဘူး ဆိုတာ သူတို့ အသေအချာသိတယ်ဆိုတာ ကျွန်တော်ယုံကြည်ပါတယ်။” ဟု Xu ကပြောသည်။

Huawei အလှည့်ကျ ဥက္ကဋ္ဌက သူ၏ ကုမ္ပဏီအတွက် ယူကေ ဆက်သွယ်ရေးလုပ်ငန်းစု၏ အထောက်အပံ့ ရရှိခဲ့မှုကို ထောက်ပြခဲ့သည်။ ပြီးခဲ့သည့်အပတ်တွင် ဗြိတိသျှ ဆက်သွယ်ရေး ကွန်ရက် BT ၏ ဗိသုကာချုပ် နီးလ်မက်ကရေး က က Huawei သည် ” တစ်ခုတည်းသော စစ်မှန်သည့် 5G ပေးသွင်းထောက်ပံ့သူ” ဟု အခိုင်အမာရပ်တည်ပြောကြားခဲ့ပြီး အခြား ကုမ္ပဏီများသည် အမီလိုက်ရန် လိုအပ်နေသေးသည်ဟု ဆိုပါသည်။ မိုဘိုင်းကွန်ရက်ထူထောင်ခြင်း လုပ်ငန်းနယ်ပယ် မျက်နှာစာတွင် Nokia၊ Ericsson နှင့် Samsung တို့ အားလုံးသည် Huawei ၏ ပြိုင်ဘက်များဖြစ်သည်။ ပြီးခဲ့သည့် အပတ်က Xu ၏ Huawei ကုမ္ပဏီသည် ကမ္ဘာတစ်ဝန်း 5G လုပ်ငန်းများအတွက် လုပ်ငန်း ကန်ထရိုက် ၂၂ ခု လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ကြောင်း ကြေညာခဲ့သည်။

5G ၏ အကျိုးကျေးဇူးများ
အခြားသူများ စိုးရိမ်စွာထောက်ပြခဲ့သည့် ဆိုက်ဘာလုံခြုံရေး နှင့် သူလျှိုလုပ်ငန်းဆိုင်ရာ ပူပန်မှုများ ရှိသော်လည်း 5G နည်းပညာသည် လက်ရှိအမြင့်ဆုံး မိုဘိုင်း အင်တာနက် စံနှုန်းဖြစ်သည့် 4G ထက် ပို၍လုံခြုံသည်ဟု ဟွာဝေးက ဆိုသည်။ ကြာသပေတေးနေ့ အင်တာဗျူးတွင် 5G က လုံခြုံရေးကို ပိုမိုသေချာစိတ်ချစေနိုင်ကြောင်း အချိန်အတိုင်းအတာတစ်ခုသုံးပြီး CNBC ကိုရှင်းပြခဲ့သည်။ Xu ၏ အဆိုအရ ၎င်းက ပို၍ လုံခြုံရခြင်း အကြောင်းရင်းများထဲမှ တစ်ခုမှာ ထို နည်းပညာသည် အချက်အလက်ကို အလွန်အဆင့်မြင့်သော စာဝှက်နည်းလမ်းဖြင့် encrypt ပြုလုပ်သောကြောင့် ဟက်ကာများအနေဖြင့် ၎င်းကို ဖော်ယူနိုင်ရန် “quantum ကွန်ပျူတာ” လိုအပ်မည်ဖြစ်သည်။

Huawei အမှုဆောင်က မေလတွင် စတင်အာဏာတည်မည့် ဥရောပသမဂ္ဂ၏ General Data Protection Regulation (GDPR) အထွေထွေ အချက်အလက် ကာကွယ်ထိန်းသမ်းရေး ဥပဒေ ဟုသိထားကြသော အချက်အလက် ကာကွယ်ရေး ဥပဒေကို ချီးကျူးခဲ့သည်။ ဥပဒေအရ အချက်အလက်ကို ကိုင်တွယ်ဆောင်ရွက်ရသော ကုမ္ပဏီများသည် အချက်အလက်ကာကွယ်ရေး အတွက် အလွတ်မြင့်မားသော စံသတ်မှတ်ချက် ရှိရမည် ဖြစ်သည်။ ထိုသို့မဟုတ်ပါက အလွန်ကြီးမားသော ဒဏ်ကြေးပေးဆောင်ရနိုင်ပါသည်။ 5G ကွန်ရက်များအတွင်း အချက်အလက် ပမာဏ ထုလိုက်ထည်လိုက် ကြီးမားစွာ ဖြတ်သန်းသွားမည်ဟု မျှော်မှန်းရသောကြောင့် GDPR သည် စီးပွားရေးလုပ်ငန်း ကမ္ဘာအတွက် ပို၍ပင်အရေးပါလာဖွယ်ရှိသည်။ သူ့အနေဖြင့် GDPR ကို “လွန်စွာ တန်ဖိုးထားကြောင်း” ဟု Xu က ပြောသည်။
“ဒါက စံသတ်မှတ်ချက်တွေ နဲ့ လမ်းညွှန်ချက်တွေ ဖန်တီးပေးမှာ ဖြစ်တဲ့အတွက် အခြားနိုင်ငံတွေက နမူနာအဖြစ် အတုယူသင့်တယ်။ ပြီးတော့ အဲဒီစံနှုန်းတွေ လိုက်နာနေသရွေ့ ကျွန်တော်တို့က အလုပ်လုပ်နိုင်မှာပါ” ဟုသူကပြောသည်။

5G သည် data network ၏ အနာဂတ် ဖြစ်သည်ဟု ကျယ်ကျယ်ပြန့်ပြန့် လက်ခံမျှော်မှန်းထားကြသော်လည်း ကမ္ဘာတစ်ဝန်း ဆက်သွယ်ရေးအော်ပရေတာ အချို့သာ ဤ နည်းပညာအတွက် စတင်ရန် အစီအစဉ်ကို ကြေညာထားကြပါသည်။