စိတ်ပင်ပန်း စိတ်ဖိစီးမှု များနေတဲ့အချိန်တွေမှာ ညဘက် အိပ်မပျော်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ အများအားဖြင့် အသက်ကြီးလာရင် ညဘက် အိပ်ပျော်တဲ့ အချိန်က နည်းသွားတတ်ပါတယ်။ အရမ်းအလုပ်ပင်ပန်းနေချိန် စိတ်ဖိစီးမှုများနေချိန်မှာ အိပ်မပျော်ရင် ကျန်းမာရေးကို ထိခိုက်နိုင်တဲ့ အခြေအနေအထိ ရောက်ရှိနိုင်ပါတယ်။ ဒါကြောင့် ညဘက် ကောင်းမွန်စွာ အိပ်ပျော်နိုင်ဖို့ ကူညီပေးတဲ့ နည်းပညာ ပစ္စည်း ၅ မျိုးအကြောင်းကို ပြောပြချင်ပါတယ်။

၁။ ညအိပ်ဝတ်စုံ (Smart Pyjamas)

UnderArmour ကုမ္ပဏီရဲ့ ဥက္ကဌ ကယ်ဗင် ဟာလေး (Kevin Haley) က Bioceramic (ဆေးကုသရာမှာ သုံးတဲ့ ပစ္စည်း တစ်မျိုး) က ထုတ်လုပ်ထားတဲ့ အမျှင်တွေနဲ့ အင်္ကျီကို ထုတ်လုပ်ခဲ့ပါတယ်။ အဲ့ဒီ အင်္ကျီက ခန္ဓာကိုယ်အတွင်းက အပူချိန်ကို ထိန်းညှိပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်အောင် လုပ်ဆောင်ပေးပါတယ်။ အဲ့ဒီ ညအိပ် ၀တ်စုံ အကျီင်္၊ ဘောင်းဘီတွေကို အမေရိကန်ဒေါ်လာ ၈၀ နဲ့ ရောင်းချနေပါတယ်။

၂။ 2 Breathe (အသက်ရှူနှုန်းကို တိုင်းတာတဲ့ ဆင်ဆာ)

2 Breathe မှာ အသက်ရှူနှုန်းတိုင်းတဲ့ ဆင်ဆာ App နဲ့ ဗိုက်မှာ ချိတ်ဆွဲထားရမယ့် အပတ်လေးတစ်ခုပါပါတယ်။ အဲ့ဒီ App ကို ကိုယ့်ဖုန်းထဲမှာ Install လုပ်ပေးရပါမယ်။ 2 Breathe App မှာ အသက်ရှူနှုန်းဘဲ တိုင်းမလား၊ အိပ်တဲ့ Mode ဘဲ ပြောင်းမလား စတဲ့ ရွေးချယ်စရာ တွေ ပါဝင်ပါတယ်။ ကောင်းမွန်စွာ အိပ်ပျော်နိုင်ဖို့အတွက် အိပ်တဲ့ (Sleep) Mode ပြောင်းပြီး အဲ့ဒီ ဆင်ဆာပါတဲ့ အပတ်လေးကို ဗိုက်ကို ပတ်ထားရပါမယ်။ Application က ဘယ်လို အသက်ရှူနည်းလမ်းနဲ့ ရှူရမယ်ဆိုတဲ့ လမ်းညွှန်ချက်လေးတွေပေးပြီး ကိုယ့်အသက်ရှူနှုန်းနဲ့ လိုက်ဖက်မယ့် အိပ်ပျော်စေနိုင်မယ့် သီချင်းလေးတွေကို ဖွင့်ပေးမှာဖြစ်ပါတယ်။ နှစ်ခြိုက်စွာ အိပ်ပျော်သွားပြီး ၁၀ မိနစ်လောက်အကြာမှာတော့ သီချင်းသံကို သူ့အလိုလို ပိတ်ပေးမှာဖြစ်ပါတယ်။ နောက်နေ့ မနက်ကျရင် သင် အိပ်ပျော်ဖို့ ဘယ်လောက်ကြာတယ်၊ အိပ်ပျော်နေချိန်မှာ သင့်အသက်ရှူသံနှုန်း ဇယားကွက်ကို ပြသပေးမှာဖြစ်ပါတယ်။ 2 Breathe ကိုတော့ အမေရိကန်ဒေါ်လာ ၁၈၀ နဲ့ http://2Breathe.com မှာဝယ်ယူလို့ရပါတယ်။

၃။ အနံ့နဲ့ အိပ်ပျော်အောင်လုပ်ခြင်း

ပြင်သစ်ရနံ့ကုထုံးတစ်ခုဖြစ်တဲ့ AromaCare က သင်းပျံ့တဲ့ အနံ့လေးတွေနဲ့ အိပ်ပျော်အောင်လုပ်ပြီး နောက်နေ့မနက် အိပ်ယာထချိန်မှာလည်း လန်းဆန်းအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။ AromaCare က Aroma အတောင့်လေး ကို သုံးပြီး သင်းပျံတဲ့ အနံ့လေးတွေရရှိအောင် လုပ်ဆောင်ပေးပါတယ်။ Aroma အတောင့် ကို လာဗင်ဒါ (Lavender), ပင်စိမ်းရွက် (Peppermint), သံပုယိုသီး (Lemon), ယူကလစ် (Eucalyptus), လိမ္မောသီး, Rosemary ရွက် (ရနံ့ကုထုံးများတွင်သုံးလေ့ရှိပြီး အီတလီ ဟင်းချက်အမွေးအကြိုင်အနေနဲ့လည်းသုံး) တို့က ရတဲ့ အဆီတွေနဲ့ ပြုလုပ်ထားတာဖြစ်ပါတယ်။ အဲ့ဒီ AromaCare ဆိုတဲ့ စက်တစ်လုံးကို အမေရိကန်ဒေါ်လာ ၈၉ ဒေါ်လာ ပေးရပါတယ်။ Aroma Care စက်မှာ သုံးတဲ့ အနံ့တောင့်တစ်တောင့်ကို အမေရိကန်ဒေါ်လာ ၁၀ ဒေါ်လာပေးရပြီး တစ်တောင့်ကို ၁၀ ကြိမ်အသုံးခံပါတယ်။

၎။ အိပ်ပျော်စေနိုင်တဲ့ တေးသီချင်းသံ

Nu Calm ဆိုတဲ့ စက်ကို ဦးနှောက်နဲ့ အာရုံကြော ဆရာဝန် ဒေါက်တာ ဘလိတ် ဟိုဝေး က တီထွင်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီစက်မှာ စိတ်ဖိစီးမှုကို လျော့ချပေးပြီး အိပ်ပျော်စေနိုင်တဲ့ တေးသီချင်းလေးတွေကို ထည့်ထားပေးပါတယ်။ Bluetooth နားကျပ်နဲ့ မျက်စိအအုပ်ပါဝင်တဲ့ မျက်မှန်ပုံစံ Nu Calm ကို အမေရိကန်ဒေါ်လာ ၈၉ ဒေါ်လာနဲ့ http://findyourcalm.com မှာ ရောင်းချနေပါတယ်။

၅။ အိပ်ပျော်စေနိုင်တဲ့ ခေါင်းအုံး

Advansa 1×21 ခေါင်းအုံးမှာဆင်ဆာပါရှိပြီး အရင်ညက အိပ်နေတုန်းဖြစ်ခဲ့တဲ့ ခန္ဓာကိုယ် လှုပ်ရှားမှုပုံစံတွေ၊ အိပ်တဲ့ ပုံစံတွေနဲ့ ပတ်ဝန်းကျင်အသံစတဲ့ အိပ်ပျော်မှုနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို မှတ်တမ်းတင်ထားပြီး ဒီနေ့ညမှာ ဘယ်လို ပုံစံနဲ့ အိပ်သင့်လဲဆိုတာကို အကြံပေးသွားတာဖြစ်ပါတယ်။ ခေါင်းအုံးနဲ့တွဲထားတဲ့ App ကို ဖုန်းထဲမှာ ထည့်ထားရမှာပါ။ အဲ့ဒီ ခေါင်းအုံးကို http://cityzensciences.com မှာ ၀ယ်ယူလို့ရပါတယ်။