Apple ကုမ္ပဏီက တစ်ကမ္ဘာလုံးဆိုင်ရာ နည်းပညာ ကွန်ဖရင့် တစ်ခုမှာ သူတို့ရဲ့ ထုတ်ကုန် အသစ်တွေ အကြောင်းကို မိတ်ဆက် ရှင်းပြခဲ့ပါတယ်။ Mac ကွန်ပျုတာ အသစ် macOS High Sierra၊ နာရီအသစ် watchOS4 ၊ tvOS 11 တို့အပြင် iOS 11 ကိုလည်း မိတ်ဆက်ခဲ့ပါတယ်။

အသစ် ထွက်ရှိမယ့် iOS 11 နဲ့ အောက်ဖော်ပြပါ အချက် ၈ ချက်ကို လုပ်ဆောင်နိုင်လာမှာဖြစ်ပါတယ်။

  • Apple Pay နဲ့ ငွေချေနိုင်မယ်

ကိုယ့် သူငယ်ချင်းတွေ၊ မိသားစုတွေကို iMessage ကနေ တစ်ဆင့် Apple Pay နဲ့ ငွေချေနိုင်မယ်။

  • Control Center ဒီဇိုင်းအသစ်

အရင်တုန်းကလို သီချင်းတို့ တခြား Features တွေကို ခက်ခက်ခဲခဲဝင်ပြီး ဖွင့်စရာမလိုဘဲ အားလုံးကို စခရင်တစ်ခုတည်းပေါ်မှာ Control လုပ်လို့ရအောင် လုပ်ဆောင်ပေးမှာဖြစ်ပါတယ်။

  • Siri က ပိုပြီး အဆင်ပြေလာ

Siri ကထွက်တဲ့အသံက လူတစ်ယောက်အသံနဲ့ ပိုတူလာပြီး အင်္ဂလိပ်ကနေ တရုတ်၊ စပိန်၊ ပြင်သစ်၊ ဂျာမနီ နဲ့ အီတလီ ဘာသာစကားတို့ကိုလည်း ဘာသာပြန်ပေးနိုင်ပါတယ်။

  • ကားမောင်းနေစဉ်

အကယ်၍ ကိုယ်ကားမောင်းနေရင် “Do not disturb” (မနှောင့်ယှက်ပါနဲ့)ကို ဖွင့်ထားလို့ရပါတယ်။ တစ်ယောက်ယောက်က ဖုန်းခေါ်ရင် ကိုယ့်ဆီ ဖုန်းဝင်မလာတော့ဘဲ ကိုယ်ကားမောင်းနေကြောင်းကို အသိပေးတဲ့ Message ပြန်ရမှာဖြစ်ပါတယ်။ ကိုယ်ကားမောင်းပြီးမှ ဖုန်းပြန်ခေါ်ရမှာ ဖြစ်ပါတယ်။

  • ကင်မရာက ပိုကောင်းလာ

iPhone 7 Plus မှာပါတဲ့ Portrait Mode ကို သဘောကျပါက iOS11 နဲ့လည်း Portrait ဓာတ်ပုံတွေကို အလင်းရောင် အားနည်းချိန်မှာ ရိုက်ကူးနိုင်ပါတယ်။

  • ဓာတ်ပုံနဲ့ပတ်သက်ပြီး ပိုလုပ်ဆောင်နိုင်လာ

Portrait Mode နဲ့ ရိုက်ထားတဲ့ ဓာတ်ပုံတွေကို စုပြီး ဗီဒီယိုလုပ်နိုင်သလို ဓာတ်ပုံတွေမှာ Long Exposure တွေနဲ့ တခြား Effects မျိုးစုံ ပိုပြီး ထွက်လာနိုင်မှာဖြစ်ပါတယ်။ Live Photos တွေလည်း ဖန်တီးနိုင်ပါတယ်။

  • Apple Music ကို သုံးပြီး တခြား သူငယ်ချင်းများနဲ့အတူ နားထောင်နိုင်

Apple Music App ကိုသုံးကာ သူငယ်ချင်းဖုန်းတွေနဲ့ ချိတ်ပြီး သီချင်းတွေ ဖလယ်နိုင်သလို တခြား သူငယ်ချင်းတွေ ဘာတွေနားထောင်လဲဆိုတာလည်း ကြည့်နိုင်ပါတယ်။

  • မြေပုံကို ပိုပြီး အဆင့်မြှင့်တင်ထား

Maps App မှာ ဈေးဝယ်စင်တာတွေ၊ လေယာဉ်ကွင်းတွေရဲ့ တည်နေရာသာမက အထပ်ဘယ်နှစ်ထပ်ရှိလဲဆိုတာလည်း ပြသနိုင်လာပါတယ်။ မြို့ကြီးတွေမှာ သတ်မှတ်ထားတဲ့ အရှိန်နှုန်းတွေကို ပြသပေးနိုင်တဲ့အပြင် လမ်းညွှန်မှုကိုလည်း တိတိကျကျ လုပ်ဆောင်နိုင်လာပါတယ်။