အခုနောက်ပိုင်းမှာ စမတ်ဖုန်းတွေအကုန်လုံးနီးပါးက Full Screen Display လို့ ခေါ်နိုင်တဲ့ 18:9 Ratio Display တွေကို အသုံးပြုလာကြပါတယ်။ ဒါတင်မကသေးဘဲ Display မှာ Notch ကိုထည့်သွင်းလာပြီးတော့ 19:9 ၊ 18.5:9 Ratio Display တွေနဲ့ Screen-to-Body Ratio ပိုပြီးမြင့်မားလာအောင် ဆောင်ရွက်နေကြပါတယ်။ အခုလိုမျိုး ပုံမှန် 16:9 Ratio Display တွေကနေ Full Screen Display တွေကို ပြောင်းလဲအသုံးပြုလာတာက ဘာတွေအားသာချက်၊ အားနည်းချက် ရှိလာမလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

အားသာချက်တွေ

Applications တွေ Multitasking ပိုလုပ်နိုင်လာတယ်

တကယ်လို့ သင်က Split Screen နဲ့ App ၂ ခုကို Screen တစ်ခုထဲပေါ်မှာ တင်သုံးဖြစ်တဲ့သူဆိုရင် ဒီ Full Screen Display ဖုန်းတွေက Screen နေရာကို ရှည်လာတဲ့အတွက် ဗီဒီယိုကြည့်နေရင်း Facebook သုံးတာမျိုးကို ပိုပြီးကောင်းမွန်စွာပြုလုပ်နိုင်မှာဖြစ်ပါတယ်။ တကယ်လို့ ကိုယ်က ကားမောင်းနေတယ်ဆိုရင်လည်း တဖက်က Application ကို အသုံးပြုနိုင်ပြီး တဖက်က GPS ဖွင့်ထားတာမျိုးကို အသုံးပြုနိုင်မှာပါ။

Applications တွေအတွက် နေရာပိုမြင်ရလာတယ်

ဒါကတော့ Facebook သုံးနေတဲ့သူတွေ၊ စာဖတ်များတဲ့သူတွေ အကြိုက်တွေ့ကြတဲ့အချက်ပါ Screen က ပိုကြီးမားပြီး ပိုရှည်လာတဲ့အတွက် Screen ပေါ်မှာ စာဖတ်မယ်ဆိုရင်လည်း သာမန်ဖုန်းတွေထက် စာတွေကို ပိုမြင်လာရပါတယ်။ အဲ့ဒီအတွက် သာမန် 16:9 Ratio ပဲ ရှိတဲ့စမတ်ဖုန်းတွေထက် ဖုန်းကို Scroll လုပ်ရတာ ပိုနည်းသွားမှာပါ။

အရွယ်အစားသိပ်မကွာပဲ Screen ပိုကြီးလာတယ်

အခုနောက်ပိုင်း Full Screen Display ဖုန်းတွေက 6″ Display နဲ့ 6.2″ Display ကို အသုံးပြုတာများပြားပေမယ့် ဖုန်းရဲ့ အရွယ်အစားကတော့ ဘေးဘောင်တွေကို သေးငယ်အောင်ပြုလုပ်လိုက်တဲ့အတွက် 5.5″ အရွယ် သာမန် Display ကို အသုံးပြုထားတဲ့ဖုန်းတစ်ခုကို ကိုင်နေရသလိုပဲဖြစ်နေမှာပါ။ အဲ့ဒီလိုမျိုးဖြစ်အောင်လည်း အခုနောက်ဆုံးထွက်ထားတဲ့ Waterdrop Notch Design ဖုန်းတွေက Screen-to-Body Ratio 90% အထက်တောင် ဖြစ်နေပါပြီ။

အားနည်းချက်တွေ

ဗီဒီယိုတွေက အဆင်သင့်မဖြစ်သေးပါဘူး

လက်ရှိအချိန်မှာ 18:9 Ratio Display ဖုန်းတွေများနေပြီဆိုပေမယ့် ဗီဒီယိုတွေကတော့ 16:9 Ratio ကိုပဲ အသုံးပြုနေကြတုန်းဖြစ်ပါတယ်။ အဲ့ဒီအတွက် 18:9 Ratio ဖုန်းတွေမှာ Screen အပြည့်မြင်ရချင်တယ်ဆိုရင် Force Full Screen ပြုလုပ်နိုင်ပေမယ့် ဗီဒီယိုတွေရဲ့ အနားသတ်တွေကတော့ Crop ဖြစ်သွားမှာပဲဖြစ်ပါတယ်။ တကယ်လို့ ဖုန်း Display က Notch ပါဝင်တယ်ဆိုရင် အဆိုပါ Notch နေရာမှာ Video တွေကို မြင်ရမှာမဟုတ်တော့ပါဘူး။

Application အချို့နဲ့ အဆင်မပြေသေးပါဘူး

18:9 Ratio Display ဟာ Application တွေအတော်များများအတွက် ပိုပြီး အဆင်ပြေလာပေမယ့်လည်း အချို့သောဂိမ်းတွေနဲ့ ထွက်ရှိတာ ကြာပြီဖြစ်တဲ့ Application တွေကတော့ အဆင်မပြေသေးပဲ တခါတလေ Screen အစွန်းပိုင်းမှာရှိတဲ့စာတွေပျောက်သွားတာကို ကြုံရမှာပါ။ ဒါပေမယ့် အခုနောက်ပိုင်းမှာတော့ Application တွေအတော်များများက အဆင်ပြေအောင် ဆောင်ရွက်လာကြပါပြီ။