နည်းပညာကုမ္ပဏီတွေထဲမှာ တရားစွဲတဲ့ ကိစ္စတွေနဲ့ ပတ်သက်လာရင် Apple ကထိပ်ဆုံးကလို့ ပြောရမှာပါ။ အမြဲ အခြားကုမ္ပဏီတွေကို တရားစွဲတဲ့ နေရာမှာနာမည်ကြီးတဲ့ Apple က အခုတော့ သူ့ကို ပရိတ်သတ်က တရားပြန်စွဲနေပါပြီ။

Apple က 2015 မှာ MacBook အသစ်တွေကို မိတ်ဆက်ခဲ့ပါတယ်။ Design အသစ်ကြောင့် လူတော်တော်များများသဘောကျတာကြောင့် မိတ်ဆက်ပြီးနောက်ပိုင်း ဈေးကွက်ထဲမှာ တော်တော်လေး အောင်မြင်ခဲ့ပါတယ်။ Design အပြောင်းအလဲတွေထဲက တစ်ခုဖြစ်တဲ့ Keyboard နဲ့ ပတ်သက်လို့တော့ ပြစ်တင်ဝေဖန်မှုတွေခံခဲ့ရပါတယ်။ MacBook တွေကို ပိုပါးစေဖို့ Keyboard ကိုပါ ပိုပါးအောင်လုပ်ထားတာကို လူတော်တော်များများ သဘောမကျပါဘူး။

အရင်က Keyboard တွေက ခလုတ်တစ်ခုစီရဲ့အောက်မှာ Scissor Mechanism ကိုအသုံးပြုခဲ့တာပါ။ ဒါပေမယ့် Apple က သူတို့ MacBook တွေကို ပိုပါးအောင်လုပ်ချင်တာကြောင့် Keyboard တွေအောက်က Scissor Mechanism ကို အသုံးမပြုပဲ Butterfly Mechanism ကိုပြောင်းလဲ အသုံးပြုခဲတာပါ။ Butterfly Mechanism ကိုအသုံးပြုထားတာကြောင့် Keyboard တစ်ခုလုံးက အရင်ကထက်ပိုပါးသွားပါတယ်။

Keyboard တွေပိုပါးသွားတော့ စာရိုက်တဲ့အခါ နှိပ်လို့ နှိပ်မှန်းတောင် သိပ်မသိသာတော့ဘူးဖြစ်သွားပါတယ်။ Keyboard နဲ့ အောက်က Frame နဲ့ အရမ်းကပ်သွားလို့ပါ။ Keybaord နဲ့ Frame နဲ့ ကြားထဲက နေရာလွတ်နည်းနည်းပဲ ကျန်ပါတယ်။ အဲ့ဒီနေရာလွတ်ထဲကို အမှုန်၊ စားစရာအပိုင်းအစ တစ်ခုခုဝင်ပြီး ညပ်သွားခဲ့ရင် Keyboard ကိုနှိပ်လို့မရတော့တဲ့ ပြဿနာကို လူတော်တော်များများ ကြုံတွေ့နေရပါတယ်။ အဲဒီပြဿနာကို မကျေနပ်သူတွေစုပြီး Keyboard Design အသစ်က အလုပ်လုပ်တဲ့နေရာမှာ နှောင့်နှေးမှုဖြစ်ပေါ်စေတယ်ဆိုပြီး Apple ကို တရားစွဲဖို့ပြင်ဆင်နေကြပါပြီ။ လက်ရှိတရားစွဲဖို့ပြင်ဆင်နေသူပေါင်း ၁၇၀၀၀ ကျော်သွားပါပြီ။