ဖုန်းတစ်လုံးမှာ Camera ဘယ်နှစ်လုံးပါရမယ်ဆိုတဲ့ ကန့်သတ်ချက်တော့မရှိပါဘူး။ ဒါပေမယ့် ဈေးကွက်ထဲကို Camera များလေပိုကောင်းလေဆိုတဲ့ ယှဉ်ပြိုင်မှုခေါင်းစဉ်တစ်ခုကိုယူဆောင်လာခဲ့တာကတော့ Huawei ပါ။ P20 Pro ရဲ့ သုံးလုံးပြူး Camera တွေကို လူတော်တော်များများ စိတ်ဝင်စားမှုတွေဖြစ်ခဲ့ပါတယ်။

Dual Camera လောကထဲကို ခြေစုံပစ်ဝင်လာခဲ့ပြီးနောက်ပိုင်း iPhone တွေ ရောင်းအားကောင်းနေခဲ့တဲ့ Apple ကတော့ နောက်ထွက်မယ့် iPhone တွေအတွက် ကြိုတင်ပြင်ဆင်ထားတာ တစ်ခုရှိပါတယ်။ အဲ့ဒါကတော့ အပေါ်ကပြောခဲ့တဲ့ Camera ပိုင်းမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ပါ။ လက်ရှိထွက်ထားတဲ့ iPhone X အထိ Dual Camera ကိုပဲအသုံးပြုနေတဲ့ Apple က မကြာခင်မှာ Triple Camera စနစ်ကို ပြောင်းလဲအသုံးပြုလာနိုင်တယ်လို့ သတင်းတွေထွက်နေပါတယ်။

iPhone X Plus နဲ့ပတ်သက်တဲ့ သတင်းတွေလည်း အစုံထွက်ထားပါသေးတယ်။ iPhone X Plus က သတင်းတွေ၊ ကောလဟလတွေအရ ဖြစ်နိုင်ချေရှိတဲ့ ဖုန်းတစ်လုံးဖြစ်ပါတယ်။ လက်ရှိ iPhone X အရွယ် iPhone တွေကို Dual Camera နဲ့ပဲ ဆက်လက်ထုတ်လုပ်နိုင်ပြီး အနာဂတ်မှာ Plus Model တွေအတွက် Triple Camera စနစ်ကိုအသုံးပြုလာနိုင်ပါတယ်။

Triple Camera တွေထဲက တစ်လုံးကိုတော့ 5X Optical Zoom အတွက် အသုံးပြုမယ်လို့ သိရပါတယ်။ ကျန်တဲ့ နှစ်လုံးကိုတော့ Detail ပိုင်းနဲ့ Portrait Mode တွေအတွက် အသုံးပြုသွားမယ်လို့ ခန့်မှန်းရပါတယ်။ iPhone X မှာစခဲ့တဲ့ $999 ဈေးကြောင့် နောက်ထွက်မယ့် iPhone X Series တွေအားလုံးကို ဈေးသက်သာမယ်လို့တော့ မျှော်လင့်လို့ မရတော့တာ အမှန်ပါပဲ။ iPhone X Plus ထွက်လာခဲ့ရင် ခန့်မှန်းဈေး $1199 ကနေ $1399 လောက်အထိရှိလာနိုင်ပါတယ်။