Apple ကနေ မနေ့ကစတင်ပြီးတော့ လက်ရှိ iPhone တွေထဲမှာ အကောင်းဆုံးလို့ပြောနိုင်တဲ့ Apple iPhone X ကို Pre-Order စတင်လက်ခံနေပြီဖြစ်ပါတယ်။ အဆိုပါ ၉၉၉ ဒေါ်လာတန် iPhone X ဟာ ဖုန်းတင်ဈေးကြီးနေတာမဟုတ်ပဲ မှန်ကွဲရင် လဲရမယ့်စရိတ်ကလည်း ဖုန်းတစ်လုံးနီးပါး ဈေးဖြစ်နေတာပါ။

Apple ကနေ iPhone X တကယ်လို့ တစ်ခုခုဖြစ်ခဲ့ရင် ပြန်လည်ပြုပြင်တဲ့အခါပေးဆောင်ရမယ့် ဈေးနှုန်းတွေကို ထုတ်ပြန်ခဲ့ပြီး Screen Display ကို လဲလှယ်တာကို ၂၇၉ ဒေါ်လာ (မြန်မာငွေ ၄ သိန်းနီးပါး) ကောက်ခံမှာဖြစ်ပါတယ်။ Apple iPhone X နဲ့အတူထွက်ရှိထားတဲ့ iPhone 8 Plus အတွက် Screen Display လဲလှယ်ဖို့က $169 နဲ့ iPhone 8 ကို $149 ပဲကောက်ခံထားတဲ့အတွက် iPhone X က သိသိသာသာကို ဈေးပိုကြီးနေတာဖြစ်ပါတယ်။

ဒီဈေးနှုန်းက Display လဲလှယ်တာအတွက်ပဲဖြစ်ပြီး တကယ်လို့ အခြားစက်ပစ္စည်းကြီးကြီးမားမားပျက်စီးတာဆိုရင် ဖုန်းတန်ဖိုးရဲ့ တဝက်ကျော်ဖြစ်တဲ့ ၅၄၉ ဒေါ်လာ ပေးပြီးပြန်လည်ပြုပြင်ရမှာပါ။

ဖြစ်နိုင်တာတစ်ခုက Apple က iPhone X ကို ယခင် iPhone တွေနဲ့ မတူညီအောင် ဒီဇိုင်းကို ပြုလုပ်ထားပြီး Screen က ဖုန်းရဲ့ အရှေ့ဘက်တစ်ခုလုံးကို နေရာယူထားတဲ့အတွက် ပြုပြင်လဲလှယ်တဲ့အခါမှာ ပိုပြီးခက်ခဲတာကြောင့်ဖြစ်နိုင်ပါတယ်။

ယခုဈေးနှုန်းတွေက US အတွက်ကောက်ခံတဲ့ဈေးနှုန်းတွေဖြစ်ပြီး အခြားနေရာက ဝယ်ယူထားတဲ့ iPhone တွေဆိုရင် ဈေးနှုန်းအနည်းငယ်ကွာခြားနိုင်ပါသေးတယ်။