Apple ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ Apple iPhone X ဟာ ပထမဆုံးအနေနဲ့ Apple စမတ်ဖုန်းတွေမှာ Fingerprint Scanner Touch ID မပါဝင်တော့တဲ့ ဖုန်းဖြစ်ပါတယ်။ Apple ကနေ iPhone X မှာ Touch ID အစား မျက်နှာကို Scan ဖတ်ပြီး ဖုန်းကို Unlock ပြုလုပ်နိုင်တဲ့ Face ID နည်းပညာအသစ်ကို မိတ်ဆက်ခဲ့တာပဲဖြစ်ပါတယ်။

Apple အနေနဲ့ နောက်နှစ်မှာ ထွက်ရှိလာမယ့် iPhone 9 နဲ့ အခြားသော iPhone တွေမှာလည်း Touch ID ကို ဖယ်ရှားပစ်တော့မယ်လို့ သတင်းတွေပေါက်ကြားနေပါယတ်။ အဲ့ဒီအတွက် ယခုလက်ရှိမှာ ရောင်းချနေတဲ့ Apple iPhone 8 နဲ့ iPhone 8 Plus ဖုန်းတွေဟာ Apple ရဲ့ နောက်ဆုံးသော Touch ID ပါဝင်တဲ့ဖုန်းတွေဖြစ်ဖို့များနေပါတယ်။

ဒါပေမယ့်လည်း ယခုသတင်းဟာ ကောလဟာလအနေနဲ့ပဲ ရှိသေးပြီး Apple ကိုယ်တိုင်ကလည်း အခုနောက်ဆုံးကြေငြာထားတဲ့ Apple iPhone X ကို Face ID အတွက် Sensor တွေထုတ်လုပ်မှုမလုံလောက်တဲ့အတွက် လာမယ့် နိုဝင်ဘာလ ၃ ရက်နေ့မှ ရောင်းချနိုင်မှာဖြစ်ပြီး လောလောဆယ်မှာလည်း Stock လုံလောက်မှုမရှိဘူးဆိုတဲ့ သတင်းတွေထွက်နေတာဖြစ်ပါတယ်။ အဲ့ဒီအတွက် နောက်ထပ် iPhone အသစ်တွေမှာ Touch ID အစား Face ID ပဲ ပြောင်းလဲပစ်ဖို့က လွယ်ကူပါ့မလားဆိုတာကလည်း စဉ်းစားစရာတစ်ခုဖြစ်မှာပါ။

ကျွမ်းကျင်သူတွေရဲ့ လေ့လာသုံးသပ်ချက်အရတော့ Apple ဟာ နောက်ထွက်ရှိလာမယ့် iPhone တွေမှာ Face ID ကိုပြောင်းလဲပစ်ချင်တာက ဖုန်းဒီဇိုင်းကို ဘေးဘောင်တွေမပါဝင်တဲ့ Display တွေနဲ့ အစားထိုးချင်တာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ တချို့ကလည်း Apple ဟာ လာမယ့် iPhone X ရဲ့ ရောင်းအားပေါ်မှုတည်ပြီး Face ID ကို ဆက်လက်ထည့်သွင်းခြင်း ပြုမပြုဆိုတာကို ဆုံးဖြတ်သွားမှာဖြစ်တယ်ဆိုပြီး သုံးသပ်ထားကြပါတယ်။