Apple ဟာ လက်ရှိအချိန်မှာ တစ်နှစ်ကို စမတ်ဖုန်းအမျိုးအစား အနည်းဆုံး ထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုဖြစ်ပေမယ့် လူသုံးအများဆုံးဖုန်းတစ်ခုလည်းဖြစ်ပါတယ်။ တစ်နှစ်ပြီး တစ်နှစ်ထွက်သမျှ iPhone တိုင်းက လူကြိုက်များခဲ့ပြီး ရောင်းအားကောင်းခဲ့တာကလည်း လူတိုင်းအသိဖြစ်မှာပါ။

အခုအချိန်မှာတော့ Apple ကနေ ယခုနှစ်နဲ့ နောက်နှစ်အတွက်ကို အကြံအစည်ကြီးကြီးမားမားရှိနေတဲ့ပုံပါပဲ။ ဘာဖြစ်လို့လဲဆိုရင် Apple ရဲ့ စီးပွားရေးလုပ်ငန်းတွေကို ခန့်မှန်းတဲ့နေရာမှာ တိကျတဲ့ Analyst တစ်ယောက်ဖြစ်တဲ့ Gene Munster က လာမယ့် ၂ နှစ်အတွင်းမှာ Apple ရဲ့ iPhone ရောင်းအားက အမြင့်ဆုံးကို ရောက်ရှိနိုင်တယ်လို့ ပြောကြားလိုက်တာကြောင့်ဖြစ်ပါတယ်။

Munster ဟာ လာမယ့် ၂၀၁၈ နဲ့ ၂၀၁၉ ခုနှစ်အတွင်းမှာ Apple iPhone တွေ စုစုပေါင်း သန်း ၂၂၀ လောက်အထိ ရောင်းချရမယ်လို့ ခန့်မှန်းထားပြီးတော့ လက်ရှိ iPhone တွေ စုစုပေါင်း သန်း၈၀၀ ကျော်ပဲ လူတွေအသုံးပြုနေကြတယ်လို့ ယူဆရတဲ့အတွက် အခုလိုမျိုး နောက်ထပ် ၂ နှစ်အတွင်းမှာ သန်း ၂၂၀ ကျော်ရောင်းချနိုင်ဖို့က အလွန်များပြားတဲ့ ပမာဏတစ်ခုလို့ ပြောရမှာပါ။

Apple ဟာ ပြီးခဲ့တဲ့နှစ်က iPhone တွေရဲ့ အကြီးမားဆုံးပြောင်းလဲမှုတစ်ခုလို့ပြောလို့ရတဲ့ iPhone X ကို ထုတ်လုပ်ခဲ့ပြီး လာမယ့် စက်တင်ဘာလမှာလည်း အဆိုပါ iPhone X ကို အဆင့်မြှင့်တင်ထားတဲ့ iPhone အနိမ့်ဆုံး ၃ မျိုးလောက် ထပ်ပြီး ထုတ်လုပ်သွားဦးမှာဖြစ်တဲ့အတွက် အခု Munster ရဲ့ ခန့်မှန်းချက်က မှန်ကန်လာနိုင်ပါတယ်။