Android ဖုန်းတွေရဲ့ စွမ်းဆောင်ရည် တဟုန်ထိုး တိုးတက်လာတာနဲ့အတူ မိုဘိုင်းဂိမ်းတွေကလည်း  တစ်နှစ်ထက်တစ်နှစ်ပိုပြီး အရွယ်အစားကြီးမားသလောက် အမြင်ပိုင်းနဲ့ လုပ်ဆောင်ချက်တွေ မြင့်မားလာပါတယ်။ ၂၀၁၈ ဇူလိုင်လထဲမှာ အသစ်ထွက်ခဲ့တဲ့ Android ဂိမ်းတွေကိုကြည့်ရင် အရင်ကလို Gameplay ရိုးရှင်းတဲ့ Casual ဂိမ်းတွေ သက်သက် မဟုတ်တော့တာကို တွေ့ရမှာပါ။ မိုဘိုင်းဂိမ်မာတွေအတွက် ဒီဇူလိုင်လမှာ အသစ်ထွက်ခဲ့တဲ့ မိုဘိုင်းဂိမ်းတွေကို မိတ်ဆက်ပေးပါရစေ။

Alto’s Odyssey

အခမဲ့

၂၀၁၈ ခုနှစ်အတွက် Apple ရဲ့ အကောင်းဆုံးဒီဇိုင်းဆု ရထားတဲ့ ဂိမ်းဖြစ်တဲ့ Alto’s Odyssey ဟာ ယခုနှစ်အတွက် အချိန်ဖြုန်းလို့ အကောင်းဆုံး မိုဘိုင်းဂိမ်းတစ်ခုလည်း ဖြစ်တယ်။ 2D ဘေးတိုက်မြင် Runner ဂိမ်း အမျိုးအစားဖြစ်ပြီး သူ့ရဲ့ ထူးခြားချက်က လှပတဲ့ ပုံရိပ်တွေပါ။ ဒီဂိမ်းထဲမှာ Challenge စုစုပေါင်း ၁၈၀ ထိ ပါဝင်ပြီး ကိုယ်ပိုင်နောက်ခံတီးလုံးအလန်းစားတွေနဲ့ ညိမ့်ညိမ့်ညောင်းညောင်း ကစားနိုင်တယ်။ ကစားရတာ ချောမွေ့မှုရှိပြီး လှပတဲ့ ဒီဇိုင်းတွေ အသုံးပြုထားတော့ Screenshot ရိုက်လို့ရတဲ့ Feature လဲထည့်သွင်းထားတယ်။

Asphalt 9: Legends

အခမဲ့

မိုဘိုင်းဂိမ်းပေါ်မှာ Racing (ကားပြိုင်ပွဲ) ဂိမ်းကောင်းကောင်း တစ်ခုဆော့ချင်ရင် သတိရသင့်တာ Asphalt ဂိမ်းစီးရီးပါ။ နာမည်ကျော်ဂိမ်းကုမ္ပဏီ Gameloft ကထုတ်လုပ်တဲ့ Asphalt စီးရီးဟာ မိုဘိုင်းဖုန်းတွေအတွက် အဓိက ရည်ရွယ်ထုတ်လုပ်ခဲ့တာဖြစ်ပြီး အခုဆိုရင် Asphalt 9: Legends အထိရောက်ခဲ့ပါပြီ။ ကွန်ပျူတာနဲ့ ဂိမ်းစက်တွေမှာ Need for Speed နေရာယူထားသလိုမျိုး မိုဘိုင်းဂိမ်းတွေပေါ်မှာလည်း Asphalt က ဆရာတစ်ဆူ ပါပဲ။ သူ့ရဲ့ လှပချောမွေ့တဲ့ ရုပ်ထွက်၊ လွယ်ကူတဲ့ ထိန်းချုပ်မှုနဲ့ အမှားနည်းတဲ့ Gameplay တို့ကြောင့် အခုချိန်ထိ အောင်မြင်နေတဲ့ မိုဘိုင်း Racing ဂိမ်းစီးရီးဖြစ်နေတာပါ။ Asphalt 9: Legends မှာ သူငယ်ချင်းတွေနဲ့ အွန်လိုင်းမှ ယှဉ်ပြိုင်လို့တဲ့ Feature ပါသလို၊ စိတ်ဝင်စားစရာ Campaign Mode နဲ့ အပတ်စဉ် Event တွေလည်းရှိတယ်။ အခမဲ့ ကစားလို့ရတယ် ဆိုပေမယ့် Level များလာတဲ့အခါမှာတော့ In-App Purchase တစ်ချို့ ဝယ်ဆော့ရင် ပိုပြီး လွယ်ကူသွားမယ် ဆိုတဲ့ သဘောတော့ ရှိပါတယ်။

Brawl Stars

အခမဲ့

Clash of Clans, Clash Royale, Hay Day တို့လို ဂိမ်းတွေ ဖန်တီးခဲ့တဲ့ Supercell ရဲ့ အခုတလော ခေတ်စားနေတဲ့ PUBG စတိုင် မိုဘိုင်းဂိမ်းအသစ်ပါ။ ဒါပေမယ့် Brawl Stars မှာတော့ First-Person Shooter ပုံစံ ကစားရမှာ မဟုတ်ဘဲ အပေါ်စီးက မြင်ရတဲ့ Third-Person စတိုင်ဖြစ်ပါတယ်။ မြေပုံပေါ်မှာ လျှောက်သွားပြီး တတ်နိုင်သမျှ ရှင်သန်နိုင်အောင် ကြိုးစားရမှာပါ။ တစ်ယောက်တည်းရော၊ ပါတီနဲ့ပါ ဆော့လို့ရမှာဖြစ်တယ်။ Brawlers လို့ခေါ်တဲ့ ဟီးရိုးတွေကို ဝယ်ယူပြီး Upgrade လုပ်ရမယ်။ Supercell ရဲ့ အခြားဂိမ်းတွေလိုပဲ In-App Purchase နဲ့ ပိုက်ဆံပေးပြီး ဝယ်ယူလို့ ရတယ်။ ဒါပေမယ့် အရင်ဂိမ်းတွေလောက်တော့ မဆိုးပါဘူး။ အခမဲ့ ကစားသူတွေအတွက် အခွင့်အရေး ရှိမှာပါ။

Epic Skater 2

အခမဲ့

စကိတ်ဘုတ်ဂိမ်းအသစ်တွေထဲမှာ စိတ်ဝင်စားစရာ အကောင်းဆုံးနဲ့ ကောင်းမွန်စွာ ဖန်တီးထားတဲ့ ဂိမ်းတစ်ခုပါ။ ဇူလိုင်လထဲမှာ မိုဘိုင်း စကိတ်ဂိမ်းအသစ်နှစ်ခု ထွက်လာတဲ့အနက် Epic Skater က အရမ်းခေတ်မီတဲ့ ဂရပ်ဖစ်ပုံရိပ်တွေ မပါပေမယ့် ပိုပြီးဆော့ကစားလို့ ကောင်းတဲ့ Gameplay ဖြစ်ပါတယ်။ အစစ်အမှန်ဆန်တဲ့ 3D နောက်ခံဝန်းကျင်အလှ မပါပေမယ့် ဂိမ်းတစ်ခုမှာ အမြဲတန်း အစစ်အမှန်ဆန်တဲ့ ပုံရိပ်တွေ ပါဖို့ လိုနေတာတော့ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ စကိတ်သမားကို ကြိုက်သလိုအလှဆင်နိုင်ပြီး Career Mode လည်း ပါဝင်တယ်။ အခမဲ့ဆိုပေမယ့် စကိတ်ဘုတ် အစရှိတဲ့ ဂီယာတွေကိုတော့ ဝယ်ယူကစားနိုင်ပါတယ်။

Life is Strange

အခမဲ့ / 8.99$

နာမည်ကျော် Square Enix ကထုတ်လုပ်တဲ့ Life is Strange ဟာ PS3, PS4 နဲ့ Xbox ဂိမ်းစက်တွေမှာ လူကြိုက်များပြီးသား ကွန်ဆိုးဂိမ်းကို မိုဘိုင်းဗားရှင်းပြောင်းထုတ်လိုက်တာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဦးနှောက်စားတဲ့ ဂိမ်းတွေ ဆော့ချင်သူများအတွက် စမ်းကြည့်သင့်တဲ့ ဂိမ်းတစ်ခုပါ။ ကစားသူက Max Caufield နေရာကနေ ဆော့ကစားရမှာဖြစ်ပြီး သူမရဲ့ ပါဝါက အချိန်ကို အနည်းငယ်နောက်ပြန်ဆုတ်နိုင်တာပါ။ Episode တစ်ခုချင်းစီ ဆော့ကစားသွားရတဲ့ ပုံစံဖြစ်ပြီး ဂိမ်းရဲ့ အဆုံးသတ်ပုံက တစ်ခုထက်မက ပါဝင်နေတယ်။ ကစားသူရဲ့ ရွေးချယ်မှု တွေအပေါ် မူတည်ပြီး ပြောင်းလဲသွားမှာပါ။ ကောင်းမွန်တဲ့ ဂရပ်ဖစ်နဲ့ ထူးခြားတဲ့ gameplay တို့ကြောင့် အခုနှစ်ရဲ့ အကောင်းဆုံး မိုဘိုင်းဂိမ်းတွေထဲက တစ်ခုဖြစ်လာနိုင်တယ်။