BlackBerry ဟာ အခုနောက်ပိုင်းမှာ စမတ်ဖုန်းတွေကို ပြန်လည်ထုတ်လုပ်လာနေပြီးတော့ BlackBerry လို့ လူသိများတဲ့ QWERTY Keyboard ကို Android OS နဲ့ တွဲဖက်ထုတ်လုပ်လာခဲ့တာဖြစ်ပါတယ်။ မနှစ်က ထုတ်လုပ်ခဲ့တဲ့ BlackBerry KeyOne စမတ်ဖုန်းကလည်း အောင်မြင်မှုတွေရရှိခဲ့တယ်လို့ ပြောလို့ရပါတယ်။

အခုနှစ်မှာတော့ TCL Communication ကနေ အဆိုပါ KeyOne စမတ်ဖုန်းထက်ပိုပြီးကောင်းမွန်တဲ့ စမတ်ဖုန်းတစ်ခုကို မကြာခင်ထုတ်ပြသွားမယ်လို့ ကြေညာလိုက်ပါတယ်။ အခု ကြေညာချက်အရ KeyOne စမတ်ဖုန်းရဲ့ မျိုးဆက်သစ်ဖုန်းကို Key 2 လို့ခေါ်ဆိုသွားမှာဖြစ်ပြီးတော့ လာမယ့် ဂျွန်လ ၇ ရက်နေ့မှာ တရားဝင်မိတ်ဆက်သွားမယ်လို့ သိရပါတယ်။

အခု BlackBerry Key 2 စမတ်ဖုန်းက လက်ရှိ BlackBerry ဖုန်းတွေထဲမှာ စွမ်းဆောင်ရည်အကောင်းဆုံးဖုန်းတစ်ခုဖြစ်လာနိုင်ပြီးတော့ Qualcomm Snapdragon 660 Processor နဲ့အတူ RAM 6GB ပါဝင်လာမှာဖြစ်ပါတယ်။ Storage ကိုတော့ 64GB ထည့်သွင်းပေးထားပြီး MicroSD Card ကနေ ထပ်ပြီး တိုးချဲ့နိုင်မယ်လို့ သိရပါတယ်။

BlackBerry Key 2 စမတ်ဖုန်းဟာ 1080×1620 Pixels Resolution ရှိတဲ့ 3:2 Ratio 4.5″ Display ကို အသုံးပြုလာမှာဖြစ်ပြီးတော့ BlackBerry ဖုန်းတွေရဲ့ Trademark ဖြစ်တဲ့ QWERTY Keyboard လည်းပါဝင်လာဦးမှာဖြစ်ပါတယ်။

Camera ပိုင်းအနေနဲ့လည်း BlackBerry Key 2 စမတ်ဖုန်းက အဆင့်မြှင့်တင်ထားပြီး ဒီတစ်ခါမှာတော့ 12MP + 8MP Dual Camera ကိုတပ်ဆင်ထားမှာဖြစ်တယ်လို့ သိရပါတယ်။ Selfie Camera အနေနဲ့ 8MP ပါဝင်လာမှာပါ။ Battery အနေနဲ့ကတော့ 3360mAh Battery ပါဝင်လာမယ်လို့ သိရပါတယ်။

BlackBerry Key 2 စမတ်ဖုန်းရဲ့ QWERTY Keyboard ကိုလည်း မနှစ်ကလိုမျိုး Glossy အစား Matte Finish နဲ့ ပြောင်းလဲထားမှာဖြစ်ပြီးတော့ ဈေးနှုန်းအနေနဲ့ ဒေါ်လာ ၅၅၀ ဝန်းကျင်ရှိမယ်လို့ သိရပါတယ်။

BlackBerry Fan တွေအတွက်တော့ လာမယ့် ဂျွန်လ ၇ ရက်နေ့က စောင့်ကြည့်ရမယ့် နေ့တစ်ရက်ဖြစ်နေမှာပါ။