BlackBerry ရဲ့ စမတ်ဖုန်းတွေဟာ အခုနောက်ပိုင်းမှာ ယခင်တုန်းက BlackBerry ဆိုပြီး လူသိများခဲ့တဲ့ QWERTY Keyboard ပါဝင်တဲ့ Android OS နဲ့ စမတ်ဖုန်းတွေကို ထုတ်လုပ်နေတာဖြစ်ပါတယ်။ ယခုနှစ်အစောပိုင်းတုန်းကလည်း BlackBerry KEY2 စမတ်ဖုန်းကို ထုတ်လုပ်ခဲ့ပြီး အခုအချိန်မှာလည်း BlackBerry ကနေ KEY2 စမတ်ဖုန်းထက် ဈေးပိုသက်သာတဲ့ စမတ်ဖုန်းတစ်ခုကို ထုတ်လုပ်မယ်ဆိုတာကို အတည်ပြုလိုက်ပါတယ်။

အခု BlackBerry ရဲ့ စမတ်ဖုန်းအသစ်ကို BlackBerry KEY2 LE လို့နာမည်ပေးထားပြီးတော့ LE က Lite Edition ဖြစ်မယ်လို့ ယူဆရပါတယ်။ အဲ့ဒီအတွက် ဒီနှစ်အစောပိုင်းက ထွက်ရှိခဲ့တဲ့ BlackBerry KEY2 စမတ်ဖုန်းနဲ့ ယှဉ်ရင် အချက်အလက်တော်တော်များများတူညီမှာဖြစ်ပြီးတော့ ဈေးပိုသက်သာလာမယ်လို့ ယူဆရပါတယ်။

BlackBerry KEY2 စမတ်ဖုန်းဟာ ဈေးနှုန်းအနေနဲ့ ဒေါ်လာ ၆၄၉ ကနေ စတင်ရရှိနေတာဖြစ်ပြီးတော့ Qualcomm Snapdragon 660 Processor ၊ Dual Camera နဲ့ 4.5″ Display နဲ့ QWERTY Keyboard တွေပါဝင်ခဲ့တဲ့ Business Oriented စမတ်ဖုန်းအမျိုးအစားဖြစ်ခဲ့ပါတယ်။ အခုထွက်လာမယ့် BlackBerry KEY2 LE စမတ်ဖုန်းဟာ Processor ပိုင်းအနေနဲ့ အနည်းငယ်လျော့နည်းသွားနိုင်ပေမယ့် ဈေးနှုန်းအနေနဲ့ကတော့ ဒေါ်လာ ၅၀၀ အောက်ပဲရှိမယ်လို့ ယူဆရပါတယ်။

BlackBerry ရဲ့ မကြာသေးမီကထုတ်လုပ်လိုက်တဲ့ Teaser အရတော့ အခု BlackBerry KEY2 LE စမတ်ဖုန်းကို လာမယ့် သြဂုတ်လကုန်မှာကျင်းပမယ့် IFA 2018 မှာ ထုတ်ပြသွားမှာဖြစ်ပြီးတော့ ဒေါ်လာ ၅၀၀ အောက်ပဲရှိမယ်လို့ ယူဆရပါတယ်။