ပြီးခဲ့တဲ့ Google I/O  Conference မှာ Google ကသူ့ရဲ့ နည်းပညာ အသစ်အဆန်းတချို့ကို ရှင်းလင်းပြသခဲ့ပါတယ်။ အဲ့ထဲမှာ Google Map ရဲ့ ပြောင်းလဲလာမယ့် ပုံစံအသစ်ကလည်း တစ်ခု အပါအဝင်ပါ။ သူ့ရဲ့အဓိက အားသာချက်ကတော့ အရင်ကသုံးခဲ့တဲ့ GPS ( Global Positioning System ) အစား VPS ( Visual Positioning System ) ကိုပြောင်းလဲ အသုံးပြုထားတာပဲ ဖြစ်ပါတယ်။

VPS ဆိုတာကတော့ ရုပ်ပုံကိုသုံးပြီး တည်နေရာပြသပေးတဲ့ စနစ်ပါ။ VPS ကိုသုံးဖို့ဆိုရင် Google Map မှာ ခလုတ်တစ်ခုကိုနှိပ်ရပါမယ်။ ပြီးရင် Map ထဲမှာပဲ Camera ပွင့်လာပြီး သင့်ရဲ့ပတ်ပတ်လည် ကို ချိန်လိုက်တာနဲ့ ကိုယ်သွားရမယ့်လမ်းကို ရှာလို့ရပါတယ်။ ဘယ်လမ်းကိုသွားရမလဲဆိုတာကို Camera ရဲ့ မြင်ကွင်းမှာ မြှားလေးတွေနဲ့ ပြထားမှာဖြစ်ပါတယ်။ အောက်နားလေးမှာတော့ အရင် မြေပုံ ကိုပြထားပေးပြီး ကိုယ့်လမ်းကြောင်းကို မှန်မမှန် တိုက်ကြည့်လို့ ရပါတယ်။ ဒါ့အပြင် Camera ရဲ့ မြင်ကွင်းမှာ Nearby businesses လေးကိုလည်း တွေ့ရင်တွေ့သလို ပြပေးပါသေးတယ်။

ဒါ့အပြင် Google Map (VPS) ကိုသုံးချင်အောင် ပိုဆွဲဆောင်တဲ့အချက်ကတော့ သူ့ရဲ့ လမ်းပြ Guide လေးပါပဲ။ အဲ့ Guide က သင့် Map camera မြင်ကွင်းမှာ သွားရမယ့်လမ်းကို ဦးဆောင်ခေါ်သွားပေးမှာပါ။ ပြီးခဲ့တဲ့ ပွဲမှာ ပြသခဲ့တဲ့ Demo Video မှာတော့ Guide က မြေခွေးပေါက်စလေးတစ်ကောင်ပါ။

စိတ်မကောင်းစရာတစ်ခုကတော့ Google က ဒီစနစ်ကို ဘယ်တော့ အသုံးပြုခွင့် ပေးမလဲဆိုတာ မကြေညာသွားပါဘူး။ ဘယ်နေ့သုံးရမယ်ဆိုတာထက် သူ့ရဲ့ပြောင်းလဲလာတဲ့ ပုံစံအဆန်းနဲ့ နည်းပညာအသစ်က ပွဲကိုလာတဲ့လူတိုင်းကို အံ့အားသင့်စေခဲ့တာတော့ အမှန်ပါပဲ။

Source: Android Authority