Google ရဲ့ ARCore က လက်ရှိမှာ အချို့သော စမတ်ဖုန်းတွေမှာပဲ Support ပြုလုပ်နေသေးတဲ့ နည်းပညာတစ်ခုဖြစ်ပြီးတော့ အခုအချိန်မှာတော့ အဆိုပါ ARCore Support လုပ်တဲ့ Devices တွေမှာ တိုင်းတာနိုင်တဲ့ Measure App ကို ထုတ်ပေးလိုက်ပြီးဖြစ်ပါတယ်။ အခုလိုမျိုး Augmented Reality (AR) နည်းပညာကို အသုံးပြုထားတဲ့အတွက် ဒီ Application က အခြားသော Applications တွေထက်တောင် စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။


အခု Measure App ကို အသုံးပြုချင်တယ်ဆိုရင်တော့ အရင်ဆုံး Google Play Store မှာ ARCore App ကို သွင်းထားဖို့ လိုအပ်မှာဖြစ်ပြီးတော့ ကိုယ့်ရဲ့ စမတ်ဖုန်းကလည်း ARCore နည်းပညာကို ထောက်ပံ့ပေးဖို့ လိုအပ်မှာပဲဖြစ်ပါတယ်။ ပြီးရင်တော့ Google Play Store မှာပဲ Measure လို့ ရိုက်ရှာလိုက်တယ်ဆိုရင် အခု Application ကို အသုံးပြုနိုင်မှာပါ။ Application file Size ကလည်း အရမ်းအများကြီးမဟုတ်ပါဘူး။

Google က ထုတ်လုပ်လိုက်တဲ့ Measure App က အရာဝတ္ထုတစ်ခုခုကို တိုင်းတာတဲ့နေရာမှာအသုံးပြုဖို့ဖြစ်ပြီးတော့ အလင်းကောင်းကောင်းရပြီး ပြန့်ညီနေတဲ့ အရာတွေမှာ အရှည်နဲ့ အမြင့်ဘယ်လောက်ရှိတယ်ဆိုတာကို တိုင်းတာနိုင်မှာပဲဖြစ်ပါတယ်။ ဘယ်လိုမျိုးတိုင်းတာရမလဲဆိုရင်တော့ Application ကို ဖွင့်လိုက်ပြီး ကိုယ်တိုင်းတာချင်တဲ့ အရာဝတ္ထုရဲ့ အလျားပဲဖြစ်ဖြစ်၊ အမြင့်ပဲဖြစ်ဖြစ် အစွန်း ၂ ဖက်ကို Point ထောက်လိုက်ရုံနဲ့ အဆိုပါ အရာဝတ္ထုရဲ့ အမြင့်နဲ့ အလျားကို ဖုန်းမှာပဲ သိနိုင်မှာဖြစ်ပါတယ်။

အခုလိုမျိုး Measure App ကို အသုံးပြုကြည့်တဲ့အချိန်မှာလည်း ကောင်းကောင်းအလုပ်လုပ်တာကို တွေ့ရပြီးတော့ ပုံမှန် ပေတံနဲ့တိုင်းတာသလိုပဲ တိကျတာကို တွေ့ရပါတယ်။ အဲ့ဒီအတွက် တကယ်လို့ ပေတံမပါလာတဲ့အချိန်မျိုးမှာဆိုရင် ဒီ App က အသုံးဝင်မှာပါ။ ပေတံနဲ့တိုင်းတာတာထက်တောင်ကောင်းတယ်လို့ ပြောနိုင်တဲ့အချက်တစ်ခုကတော့ လူကိုယ်တိုင်လိုက်ပြီး တိုင်းနေစရာမလိုပဲ ဖုန်းနဲ့ပဲ Point ၂ ခုကို ထောက်လိုက်ရုံနဲ့တင်ရရှိတာကြောင့်ဖြစ်ပါတယ်။

Google က အခုလိုမျိုး တိုင်းတာမှုတွေအတွက် Measure App ကို ထုတ်ပေးလိုက်သလိုပဲ Apple ကလည်း iOS 12 မှာလည်း တိုင်းတာနိုင်တဲ့ Feature ကို ထည့်သွင်းပေးလိုက်ပြီဆိုတော့ အခု Android နဲ့ iOS ရဲ့ ပြိုင်ဆိုင်မှုက ပိုပြင်းထန်လာတယ်လို့ ပြောလို့ရပါတယ်။ ဒါပေမယ့် ဘယ်သူက ပိုပြီး တိကျအောင် တိုင်းတာနိုင်မလဲဆိုတာကတော့ ဆက်လက်ကြည့်ရဦးမှာပါ။