လက်ရှိအချိန်မှာ အမြန်ဆုံးသော ပြိုင်ကားလို့ ဆိုလိုက်ရင် Bugatti ၊ Koenigsegg နဲ့ Ferrari ပြိုင်ကားတွေကိုပဲပြေးမြင်ကြမှာပါ လက်ရှိအချိန်မှာ အဲ့ဒီ Bugatti ပြိုင်ကားတွေက အမြန်ဆုံးအနေနဲ့ တစ်နာရီကို မိုင် ၂၇၀ ကျော်အထိ မောင်းနှင်နိုင်တာပဲဖြစ်ပါတယ်။

ဒါပေမယ့် အမေရိကန် ကားကုမ္ပဏီဖြစ်တဲ့ Hennessey ကတော့ သူတို့က ကမ္ဘာ့ပထဆုံးသော တစ်နာရီကို မိုင် ၃၀၀ အထက်ပြေးနိုင်တဲ့ Venom F5 ပြိုင်ကားကို မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ ဒီအမြန်နှုန်းဟာ တနာရီ ၄၈၀ ကီလိုမီတာဖြစ်တဲ့အတွက် လက်ရှိမှာ လိုက်မီဖို့ မလွယ်ကူသလို မောင်းနိုင်တဲ့လမ်းတောင် မရှိသလောက်ဖြစ်နေမယ့် အမြန်နှုန်းပဲဖြစ်ပါတယ်။

အခုအမြန်နှုန်းက Formula 1 ပြိုင်ကားတွေထက်တောင် ပိုပြီးမြန်နေသေးပေမယ့် Hennessey ကတော့ သူရဲ့ တစ်နာရီ မိုင် ၃၀၀ ပြေးတဲ့ Venom F5 ကားက ကားပြိုင်ကွင်းတွေမှာတင်မဟုတ်ပဲ သာမန်လမ်းမတွေမှာပါ မောင်းနှင်နိုင်မယ်လို့ ပြောကြားထားပါတယ်။

Hennessey Venom F5 ပြိုင်ကားဟာ မြင်းကောင်ရေ ၁၆၀၀ ထုတ်ပေးနိုင်တဲ့ တာဘိုချာဂျာ နှစ်လုံးတပ် ဆလင်ဒါ ၈လုံးထိုး V8 အင်ဂျင်ကို အသုံးပြုထားပြီးတော့ ကားတစ်စီးလုံးရဲ့ အလေးချိန်ကလည်း ၁၃၆၀ ကီလိုဂရမ်အောက်ပဲရှိမှာဖြစ်ပါတယ်။ အခုလိုမျိုးပေါ့ပါးတဲ့အတွက်ကြောင့် အခုလိုမျို အမြန်နှုန်းကို ရရှိနိုင်တာဖြစ်တယ်လို့လည်း သိရပါတယ်။

Hennessey ရဲ့ ပြောကြားချက်အရတော့ Venom F5 ပြိုင်ကားက စမောင်းမောင်းချင်း ၁၀ စက္ကန့်အတွင်း တစ်နာရီ ၁၈၆ မိုင်အထိ ရောက်ရှိနိုင်ပြီးတော့ စက္ကန့် ၃၀ အတွင်းမှာ တစ်နာရီ မိုင် ၂၅၀ နှုန်းနဲ့ မောင်းနှင်နေမှာဖြစ်တယ်လို့ ပြောကြားထားတာဖြစ်ပါတယ်။

အခုလိုမျိုး ကမ္ဘာ့အမြန်ဆုံးသော ပြိုင်ကားတစ်စီးဖြစ်လာနိုင်တဲ့ Hennessey Venom F5 ပြိုင်ကားကို ဈေးနှုန်းအနေနဲ့ ဒေါ်လာ ၁.၆ သန်းနဲ့ ရောင်းချမှာဖြစ်ပါတယ်။ သင့်မှာ ပိုက်ဆံရှိနေရင်တောင် Hennessey က Venom F5 ပြိုင်ကားကို ၂၆ စီးပဲ ထုတ်လုပ်မှာဖြစ်တဲ့အတွက် Heneessey က သင့်ကို ရွေးချယ်မှသာ ဝယ်ယူနိုင်မှာပါ။