ငွေကြေးတတ်နိုင်လို့ ဇိမ်ခံကားတစ်စီး ဝယ်တာပဲ ဖြစ်ဖြစ် ရှိတဲ့ငွေလေးနဲ့ လောက်ငှတဲ့ ကားတစ်စီးဝယ်တာပဲ ဖြစ်ဖြစ် တန်ကြေးနဲ့ သင့်လျော်တဲ့ ကားတစ်စီး ရဖို့ဆိုရင် ဒီနည်းလမ်းလေးတွေ သုံးကြည့်ပါ။အရောင်းပြခန်းတွေက ထည့်တဲ့ဂျင်းနဲ့ တခြားအပိုကိစ္စတွေအတွက် ကုန်မယ့်ငွေတွေ သိသိသာသာလျော့သွားပါလိမ့်မယ်။

သင်တတ်နိုင်တဲ့ Budget ထက် လျှော့ပြောပါ။ 

သိန်း၂၀၀ တန်ကားတစ်စီးကို သင်ဝယ်ချင်တယ် ဆိုပါစို့။ အရောင်းဝန်ထမ်းကတော့ ကားရောင်းရဖို့အတွက် သိန်း၂၀၀ ကျော်တန် ကားတွေကိုပါ ပြပါလိမ့်မယ်။ သင်သဘောကျရင်တော့ ဝယ်မိမှာပါပဲ။ ကားတစ်စီးအတွက် သိန်းနှစ်ဆယ်သုံးဆယ် ပိုကုန်တာဟာ အနည်းငယ်တော့ တာသွားပါတယ်။ ဒါကြောင့် သိန်း ၂၀၀ တန်လောက် ကားကို ဝယ်မယ်ဆိုရင် သိန်း ၂၀ လောက် လျှော့ပြောသင့်ပါတယ်။ ကျန်တဲ့ကားတွေထဲက ဈေးလည်းသင့် သင်လည်းသဘောကျရင်တော့ ထပ်မံရွေးချယ်လို့ရပါတယ်။

Extra Features တွေကို သိပ်မကြည့်ပါနဲ့။ 

ကားရဲ့ကောင်းကြောင်းတွေကို ရွှန်းရွှန်းဝေအောင် ပြောတာ ကြုံရပါလိမ့်မယ်။ သင်ဟာ ဇိမ်ခံကားဝယ်တာ မဟုတ်ဘဲ Budget ကား ဝယ်တာ ဖြစ်နေရင် ဒါတွေ ထည့်မစဉ်းစားပါနဲ့။ အမိုးဖွင့်လို့ရတာ ထိုင်ခုံက ဘယ်လောက်ထိုင်ထိုင်မပူဘူး စတာတွေကို မကြည့်ပါနဲ့။ ထိုင်ခုံထဲမှာ အအေးပေးတဲ့စနစ်ပါပေမယ့် သင်က ဒီကားကို တနေကုန်ထိုင်မောင်းနေမှာ မဟုတ်ဘူးလေ။ အမိုးဖွင့်လို့ရတဲ့ ကားဆိုပြီးလည်း သိပ်အထင်ကြီးမသွားပါနဲ့။ မိုးရွာရင် ပြန်ပိတ်ထားရတာပါပဲ။

မူလကုမ္ပဏီက အာမခံချက်အပြင် ဘာမှထပ်ဝယ်စရာမလိုပါ။

အရောင်းပြခန်းတွေက ထပ်ရောင်းတဲ့ Warranty တွေကို မဝယ်ပါနဲ့။ မလိုပါဘူး။ Company က ငါးနှစ်အာမခံပေးတယ်ဆိုရင် အဲ့ဒီငါးနှစ်အတိုင်းပဲ ထားပါ။ အရောင်းပြခန်းတချို့က ထပ်ရောင်းတဲ့ အာမခံထက် ကားပျက်သွားလို့ အပြင်က Workshop ပို့တာက ပိုသက်သာပါတယ်။

အရောင်းဝန်ထမ်းထက် မန်နေဂျာနဲ့ တိုက်ရိုက်ပြောပါ။ 

ဈေးပိုကောင်းတဲ့ကားတွေ သင်ဝယ်ချင်လာအောင် အရောင်းဝန်ထမ်းက ဆွဲဆောင်ပါလိမ့်မယ်။ ဒါက ဘာမှမထူးပါဘူး။

မန်နေဂျာနဲ့သာတိုက်ရိုက်စကားပြောလိုက်ပါ။

အချိန်ကုန်တာသက်သာစေတဲ့အပြင် မလိုတာတွေ မဝယ်မိတော့ပါဘူး။ တခြားကားတစ်စီးထပ်ဝယ်ဖို့ အစီအစဉ်ရှိရင်လည်း မန်နေဂျာနဲ့ စကားပြောဖူးတာကြောင့် သင့်အတွက် ပိုကောင်းပါတယ်။

မဝယ်ခင် သေချာ ကြိုလေ့လာထားပါ။ 

သင်ဝယ်မယ့် ကားတစ်စီးရဲ့ နဂိုပေါက်ဈေး အခွန်အခ အာမခံသက်တမ်း Function ဘယ်နိုင်ငံထုတ်တာလဲ စတာတွေကို ကြိုတင်ရှာဖွေ လေ့လာထားပါ။ ကားနဲ့ပတ်သက်ပြီး အတွေ့အကြုံရှိတဲ့ သူတွေကိုလည်း မေးမြန်းထားပါ။ ကားဝယ်ဖို့ ဆုံးဖြတ်ထားရင်လည်း သူတို့ကိုခေါ်သွားပြီး တိုင်ပင်ဝယ်ယူတာက အဆင်ပြေပါလိမ့်မယ်။