တကယ်လို့ မတော်တဆ ကိုယ်ကိုင်ဆောင်နေတဲ့ Android ဖုန်းတစ်လုံးက ကျပျောက်သွားတာပဲဖြစ်ဖြစ် ခါးပိုက်နှိုက်ခံရတာပဲဖြစ်ဖြစ် ပျောက်ဆုံးသွားတယ်ဆိုရင် အရင်ဆုံးလုပ်ရမှာက ဖုန်းကို ရရှိသွားတဲ့သူက ကိုယ့်ဖုန်းထဲမှာ ရှိတဲ့ Personal Data တွေကို မရရှိနိုင်အောင် ဖုန်းကို Lock ချလိုက်ဖို့နဲ့ အမြန်ဆုံး ကိုယ့်ဖုန်းကဘယ်မှာရှိတယ်ဆိုတာကို ရှာတွေ့ဖို့က အရေးကြီးဆုံးဖြစ်မှာပါ။ အခု Android အသုံးပြုထားတဲ့ဖုန်းတွေအကုန်လုံးနီးနီးမှာ အသုံးပြုနိုင်တဲ့ Find My Device နဲ့ဆိုရင် အနည်းဆုံးတော့ ပျောက်ဆုံးသွားတဲ့ကိုယ့်ဖုန်းကို ပြန်ရရှိနိုင်မယ့် အခွင့်အရေးရှိမှာပါ။

အရင်ဆုံးကိုယ့်ဖုန်းမှာ Google Play Services ပါဝင်ရမှာဖြစ်ပြီး Google Play Store ကနေ Find My Device Application ကို ဒီ Link (https://play.google.com/store/apps/details?id=com.google.android.apps.adm&hl=en) ကနေ Download ပြုလုပ်ထားရမှာဖြစ်ပါတယ်။ ပြီးရင် ကိုယ့်ရဲ့ Gmail Account ကိုပါထည့်သွင်းထားပေးဖို့ လိုအပ်မှာပါ။

တကယ်လို့ ဖုန်းပျောက်သွားပြီဆိုရင် အခြား Android ဖုန်းတစ်လုံးကနေ Find My Device App ကတစ်ဆင့် ပျောက်သွားတဲ့ဖုန်းမှာထည့်သွင်းထားတဲ့ Gmail နဲ့ ပြန်ဝင်ပြီး ကိုယ့်ဖုန်းကို ပြန်ရှာနိုင်မှာပါ။ Find My Device App ထဲကိုဝင်လိုက်တာနဲ့ ကိုယ့် Gmail နဲ့ ဝင်ရောက်ထားတဲ့ ဖုန်းတွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ကိုယ်ရှာချင်တဲ့ဖုန်းကို နှိပ်ပြီးဘယ်မှာရောက်နေလဲဆိုတာကို ရှာဖွေနိုင်သလို Lock Device ကနေ ကိုယ်ပြောချင်တဲ့ Message နဲ့ ဖုန်းနံပါတ်ကိုထည့်သွင်းပြီး ကိုယ့်ဆီကိုပြန်ဆက်သွယ်လာအောင် Lock ချလိုက်လို့ရမှာဖြစ်ပါတယ်။ အခြားလုပ်ဆောင်ချက်အနေနဲ့ ဖုန်းကကိုယ့်အနီးအနားမှာ ရှိနေပြီး ရှာလို့မတွေ့တာမျိုးဆိုရင်တော့ Play Sound ကို နှိပ်ပြီး ဖုန်းကနေ အသံထွက်ပြီးအချက်ပေးအောင်ပြုလုပ်လို့ရပါတယ်။ နောက်ဆုံး Feature တစ်ခုကတော့ Erase ဖြစ်ပြီး ဒါကတော့ ကိုယ့်ဖုန်းကို ပြန်မရနိုင်တော့တဲ့အခြေအနေရောက်နေပြီဆိုရင် Data တွေအကုန်လုံးကိုဖျက်ပစ်ဖို့ ခိုင်းစေတာပဲဖြစ်ပါတယ်။ တစ်ခုရှိတာက ဖုန်းက ကိုယ့်အနီးအနားမှာရှိနေပြီဆိုရင်တော့ Erase ပြုလုပ်ဖို့ ခွင့်ပြုမှာမဟုတ်ပါဘူး။

တကယ်လို့ တခြား Android ဖုန်းတစ်လုံးကနေ Find My Device App နဲ့ ဝင်ရောက်ပြီးရှာဖွေလို့အဆင်မပြေရင်တော့ Web Browser ကနေလည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Web Browser နဲ့ ဆိုရင်တော့ “www.google.com/android/find” ကနေ ရှာဖွေနိုင်မှာဖြစ်ပြီး ဖုန်းကနေ အသုံးပြုတာနဲ့ တူတူပဲဖြစ်ပါတယ်။

အခုလို Google ရဲ့ Find My Device ကို အသုံးပြုပြီး ဖုန်းပြန်ရှာတဲ့အချိန်မှာ အရေးကြီးတဲ့အချက်တွေကို သတိပြုဖို့လိုအပ်ပါတယ်။ အခုနည်းစနစ်ဟာ ပျောက်သွားတဲ့ဖုန်းကို ပြန်ရှာတာဖြစ်တဲ့အတွက်ကြောင့် ကိုယ့် Android ဖုန်းမှာ အမြဲတမ်း GPS နဲ့ Wifi, Mobile Data ကို ဖွင့်ထားမယ်ဆိုရင် ပိုပြီးလျှင်မြန်တိကျစွာ သိရှိနိုင်ပါလိမ့်မယ်။ တကယ်လို့ Mobile Data မဖွင့်ထားမိရင်တော့ ကိုယ့်ဖုန်းကိုရရှိသွားတဲ့သူက Internet အသုံးပြုမှသာ နောက်ဆုံးရောက်ရှိနေတဲ့နေရာကို သိနိုင်မှာပါ။

အချို့သော Xiaomi လိုဖုန်းဆိုရင်တော့ Mi Account ကတစ်ဆင့် i.mi.com ကနေ ကိုယ့်ဖုန်းကိုပြန်ပြီးရှာဖွေနိုင်သလို Sony ဖုန်းတွေဆိုရင်လည်း myxperia.sonymobile.com ကနေပြန်ပြီး ရှာဖွေနိုင်မှာပါ။ ဘယ်လိုပဲနည်းနဲ့ပဲပြန်ရှာပါစေ အဓိကလိုအပ်တာက Internet Access နဲ့ GPS ကို ဖွင့်ထားမှသာ တိကျတဲ့နေရာကို သိရှိပြီး ကိုယ့်ဖုန်းကို အမြန်ဆုံးပြန်တွေ့နိုင်မှာဖြစ်ပါတယ်။