HP အနေနဲ့ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၇ ရက်နေ့တုန်းက Webcam Cover ပါဝင်တဲ့ 5th Generation EliteBook တွေကို မိတ်ဆက် ပေးခဲ့ပါတယ်။ ယခုအခါမှာတော့ Workstation Notebook တွေဖြစ်တဲ့ HP ZBook Series၊ 4K Monitors၊ Thunderbolt Dock တို့ကို ထပ်မံ မိတ်ဆက် သွားခဲ့ပါတယ်။

HP ZBook 14u, ZBook 15u
HP ရဲ့ Entry-Level Workstation Notebook မော်ဒယ် အသစ် နှစ်ခု ဖြစ်တဲ့ HP ZBook 14u နဲ့ ZBook 15u Notebook တွေဟာ အရင်တုန်းက ထွက်ရှိထားတဲ့ ZBook တွေလို MIL-STD-810G အသိအမှတ်ပြုခံရတဲ့ အပြင် အခြား MIL-STD Test နှစ်ခု ဖြစ်တဲ့ ကွေးဆန့်နိုင်စွမ်း၊ ပြုတ်ကျခံနိုင်စွမ်း စတဲ့ Test နှစ်ခုကိုပါ အောင်မြင်ထားတဲ့ Workstation Notebook တွေပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ZBook 14u နဲ့ 15u ဟာ Energy Star အသိအမှတ်ပြု ZBook တွေ ဖြစ်တဲ့အပြင် Epeat Gold အဖွဲ့ဝင် Workstation Notebook တွေပဲ ဖြစ်ပါတယ်။

ZBook 14u G5 ဟာဆိုရင် ကမ္ဘာ့အသေးငယ်ဆုံး Workstation တစ်ခု ဖြစ်တယ်လို့ HP က ညွှန်းဆို ထားပါတယ်။ ZBook 14u ဟာ အလေးချိန် 1.48 kg သာ ရှိပြီး 17.9 mm သာ ထူတယ်လို့ သိရပါတယ်။
ZBook 14u နဲ့ 15u Notebook တွေမှာ Intel ရဲ့ Core vPro Processor တွေဖြစ်တဲ့ 8th Generation Core i5 နဲ့ Core i7 Processor တွေ အသုံးပြုထားပြီး Graphic ပိုင်း အတွက် AMD ရဲ့ Radeon Pro Graphic ကို အသုံးပြုထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် Intel ရဲ့ Core X CPU တွေကိုလည်း ZBook 14u နဲ့ 15u တို့က Support လုပ်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ZBook 14u နဲ့ 15u မော်ဒယ်နှစ်ခုလုံးမှာ RAM အနေနဲ့ 32GB ပါဝင်မှာ ဖြစ်ပြီး Storage ပိုင်းအတွက်ကိုတော့ 256GB SSD ကနေ 1TB SSD အထိ ရွေးချယ် ဝယ်ယူနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

Zbook 14u G5 နဲ့ 15u G5 မော်ဒယ် နှစ်ခုလုံး ရဲ့ Display အတွက် Full HD Display ဒါမှမဟုတ် Anti-Glare နည်းပညာ အသုံးပြု 4K Display ဆိုပြီး နှစ်မျိုး ရွေးချယ် ဝယ်ယူနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

HP ZBook 14u G5 ကို ကန်ဒေါ်လာ ၁၀၉၉ ဒေါ်လာ၊ ZBook 15u G5 ကို ကန်ဒေါ်လာ ၁၁၀၉ ဒေါ်လာနဲ့ အမေရိကန်နိုင်ငံမှာ ယခုလအတွင်း စတင် ရောင်းချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

HP Thunderbolt Dock G2
အသစ်မိတ်ဆက်ပေးလိုက်တဲ့ HP Thunderbolt Dock G2 ဟာဆိုရင် HP Device တွေနဲ့မှ တွဲဖက် အသုံးပြုနိုင်တာမျိုး မဟုတ်ပါဘူး။ Thunderbolt နဲ့ USB Type-C ပါဝင်တဲ့ Device အားလုံးနဲ့ တွဲဖက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

အသစ်မိတ်ဆက်ပေးလိုက်တဲ့ 2nd Generation Thunderbolt Dock ဟာ ဆိုရင် 4K Display နှစ်ခု အထိ Support လုပ်ပေးနိုင်မှာဖြစ်ပြီး၊ Audio Conferencing Module လည်း ပါဝင်မှာ ဖြစ်ပါတယ်။ Thunderbolt Dock G2 ကို အမေရိကန်နိုင်ငံမှာ မေလ အတွင်းမှာ ရောင်းချလာနိုင်တယ်လို့ ခန့်မှန်း ထားကြပြီး ဈေးနှုန်း အတိအကျကိုတော့ HP ဘက်က ထုတ်ဖေါ် ပြောကြားခြင်း မရှိသေးပါဘူး။

HP 4K Displays
အသစ် မိတ်ဆက်ပေးလိုက်တဲ့ HP EliteDisplay S270n ဟာဆိုရင် USB Type-C ကနေ တစ်ဆင့် Display နဲ့ ချိတ်ဆက်ထားတဲ့ 60W Laptop/PC ကို အားပြန်သွင်း ပေးနိုင်တဲ့ HP ရဲ့ ပထမဆုံး 4K Display ဖြစ်တယ်လို့ သိရပါတယ်။

S270n နဲ့ အတူ HP ZBook တွေနဲ့ တွဲဖက် အသုံးပြုနိုင်ရန် အတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားတဲ့ 4K Display တွေ ဖြစ်တဲ့ ၂၇ လက်မ အရွယ်အစားရှိ HP Z27၊ ၃၂ လက်မ အရွယ်အစားရှိ HP Z32၊ ၄၃ လက်မ အရွယ်အစားရှိ HP Z43 တို့ကိုလည်း မိတ်ဆက်ပေးခဲ့ပါတယ်။ HP Z43 ဟာဆိုရင် HP က ထုတ်လုပ်တဲ့ 4K Display တွေထဲမှာ အကြီးမားဆုံး 4K Display တစ်ခု ဖြစ်တယ်လို့ သိရပါတယ်။

HP အနေနဲ့ EliteDisplay S270n ကို ကန်ဒေါ်လာ ၅၄၉၊ Z27 ကို ကန်ဒေါ်လာ ၅၅၉၊ Z32 ကို ကန်ဒေါ်လာ ၇၉၉၊ Z43 ကို ကန်ဒေါ်လာ ၈၉၉ နဲ့ အမေရိကန် နိုင်ငံမှာ စတင် ရောင်းချနေပြီ ဖြစ်တယ်လို့ သိရပါတယ်။

REF: Gadget.Ndtv