Google ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်တုန်းက Android ရဲ့ နောက်ဆုံး Version ဖြစ်လာတဲ့ Android Version 9.0 Pie ကို တရားဝင် Update ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါ Android 9.0 Update ဟာ Google ကနေ ထုတ်လုပ်ထားတဲ့ Google Pixel ဖုန်းတွေပဲ ရရှိသေးတာဖြစ်ပြီး Essential Phone တစ်ခုပဲပါဝင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် အခုအချိန်မှာတော့ စမတ်ဖုန်းထုတ်လုပ်သူတစ်ဦးဖြစ်တဲ့ HTC ကနေ သူ့ရဲ့ လက်ရှိ စမတ်ဖုန်းတွေလည်း Android Pie Update ရရှိမယ်လို့ ပြောကြားခဲ့ပါတယ်။ ယခုလို Android Pie ကို Update ပြုလုပ်နိုင်မယ့် ဖုန်းတွေက ၄ မျိုးပဲဖြစ်ပြီး HTC က သူရဲ့ Official Twitter Account မှာ ကြေညာခဲ့တာဖြစ်ပါတယ်။

အခုလိုကြေညာချက်အရ HTC U12+ ၊ U11+ ၊ U11 နဲ့ U11 Life (Android One) ဖုန်းတွေက Android Pie ကို Update ပြုလုပ်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် Update ပြုလုပ်နိုင်မယ့်အချိန်ကိုတော့ အတိအကျပြောကြားခဲ့ခြင်းမရှိပဲ ဖုန်းတစ်ခုနဲ့ တစ်ခု ရရှိမယ့် အချိန်ကွာခြားနိုင်တယ်လို့ ယူဆရပါတယ်။

အခုလိုမျိုး မနှစ်ကထွက်ရှိခဲ့တဲ့ HTC U11 ဖုန်းတွေပါ Update ပြုလုပ်နိုင်တာက ကောင်းမွန်တဲ့အချက်ဖြစ်ပေမယ့် HTC ရဲ့ ပြီးခဲ့တဲ့ ၂ နှစ်က ထွက်ရှိထားတဲ့ U Ultra နဲ့ U Play စမတ်ဖုန်းတွေကတော့ Android Pie ကို Update ရရှိမယ့်ပုံမပေါ်ပါဘူး။

Google ရဲ့ Android 9.0 Pie ဟာ Gesture Navigation စနစ်အသစ်အပြင် အခြားသော UI ပိုင်း ဒီဇိုင်းပြောင်းလဲမှုတွေအများအပြားရှိနေခဲ့ပြီးတော့ ယခင် Android 8.0 Oreo ထက် သိသိသာသာကို တိုးတက်လာတယ်လို့တောင်ပြောလို့ရပါတယ်။ ဒါပေမယ့် ဖြစ်နိုင်တာကတော့ Google Pixel ဖုန်းတွေကလွဲပြီး ကျန်တဲ့ဖုန်းတွေကတော့ ဒီနှစ်ကုန်ပိုင်းမှ Update ပြုလုပ်နိုင်မယ်လို့ ယူဆရပါတယ်။