အခုနောက်ပိုင်းမှာ Gaming စမတ်ဖုန်းတွေက တဖြည်းဖြည်းခေတ်စားလာပြီးတော့ Razer ၊ Xiaomi နဲ့ ZTE တို့က Gaming Smartphone ဆိုပြီး ထုတ်လုပ်ထားကြပြီးဖြစ်ပါတယ်။ အဲ့ဒီလိုမျိုးပဲ Asus ကိုယ်တိုင်ကလည်း သူတို့ရဲ့ Gaming Brand တစ်ခုဖြစ်တဲ့ Republic of Gamers ကနေ Gaming Phone ထုတ်ဦးမယ်လို့ ကြေငြာထားပြီးဖြစ်ပါတယ်။

ဒါပေမယ့် Gaming Smartphone မဟုတ်ပဲ Gaming Smartwatch ဆိုရင်ရော ပုံမှန် Smartwatch တွေနဲ့ ဘာတွေကွာခြားသွားနိုင်မလဲ? လောလောဆယ်မှာတော့ Smartwatch တွေက Game ဆော့လို့မရသေးတဲ့အချိန်မှာ အခု Huawei ကတော့ ပြောင်းလဲတော့မယ့်ပုံစံပါပဲ။

ဘာဖြစ်လို့လဲဆိုရင် Huawei ကနေ World Intellectual Property Organization (WIPO) မှာ Smartwatch နဲ့ သက်ဆိုင်တဲ့ မူပိုင်ခွင့်တစ်ခုကို တင်ထားခဲ့ပြီးတော့ အဆိုပါ မူပိုင်ခွင့်အရ Huawei ရဲ့ Smartwatch ဟာ နာရီလက်ပတ်တွေမှာ Sensor တွေကို ထည့်သွင်းပေးထားမှာဖြစ်ပြီးတော့ ဂိမ်းဆော့တဲ့အချိန်မှာ အဆိုပါ Sensor တွေနဲ့ ထိန်းညှိနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

အခုလိုမျိုး ပြုလုပ်ထားတဲ့အတွက် Huawei ရဲ့ Gaming Smartwatch ဟာ ကားမောင်းဂိမ်းတွေ၊ First Person Shooter ဂိမ်းတွေနဲ့ အခြားသော ဂိမ်းတွေကိုပါ ဆော့ကစားနိုင်မယ်လို့ သိရပါတယ်။

ဒါပေမယ့် လောလောဆယ်မှာ Qualcomm ကနေ Smartwatch တွေအတွက် Processor အသစ်ထုတ်ပေးခြင်းမရှိသေးသလို အခုလက်ရှိ Google ရဲ့ WearOS ဟာလည်း ဂိမ်းတွေအများအပြားမရှိသေးတဲ့အတွက် အခု Gaming Smartwatch က တကယ်ဖြစ်လာမလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။