Huawei ကနေ Honor Play Gaming စမတ်ဖုန်းနဲ့အတူ GPU Turbo Update ကို ကြေညာခဲ့တာကို မှတ်မိကြဦးမှာပါ။ အခု GPU Turbo နည်းပညာဟာ Kriin Processor အသုံးပြုထားတဲ့စမတ်ဖုန်းတွေမှာ စမတ်ဖုန်းရဲ့ GPU စားသုံးမှုကို AI နည်းပညာနဲ့ ထိန်းချုပ်ပြီးတော့ ဖုန်းရဲ့ စွမ်းဆောင်ရည်ကို ၆၀ ရာခိုင်နှုန်းလောက်အထိ မြှင့်တင်ပေးနိုင်တာပဲဖြစ်ပါတယ်။

အခုလိုမျိုး GPU Turbo နည်းပညာဟာ ဖုန်းရဲ့ စွမ်းဆောင်ရည်ကို ၆၀ ရာခိုင်နှုန်းအထိ မြှင့်တင်ပေးတယ်ဆိုပေမယ့် အဲ့ဒါက ဖုန်းကိုလည်း ပါဝါပိုပြီး မစားသွားစေပါဘူး။ Huawei ရဲ့ ပြောကြားချက်အရဆိုရင် ဖုန်းရဲ့ စွမ်းဆောင်ရည်ကို တိုးမြှင့်ပေးနိုင်သလိုပဲ တဖက်ကလည်း Battery စားသုံးမှုကို ၃၀ ရာခိုင်နှုန်းအထိ သက်သာအောင် ဆောင်ရွက်ပေးနိုင်တယ်လို့ သိရပါတယ်။

Huawei ကတော့ အခု GPU Turbo နည်းပညာဟာ အချို့သော Graphic စားသုံးမှုများပြားတဲ့ ဂိမ်းတွေမှာ သိသိသာသာကို ပိုပြီး စွမ်းဆောင်ရည်တိုးလာမှာဖြစ်ပြီးတော့ လက်ရှိ Mid Range Honor ဖုန်းတွေကတောင် Flagship ဖုန်းတွေထက် ပိုသာအောင် ဆော့ကစားနိုင်တယ်လို့ သိရပါတယ်။ အစောပိုင်းအနေနဲ့ကတော့ PUBG Mobile နဲ့ Mobile Legends : Bang Bang တွေမှာ အရင်ဆုံး Optimize ပြုလုပ်ထားပြီးတော့ နောက်ပိုင်းမှာတော့ အခြားသော Mobile Games တွေပါ GPU Turbo စနစ်ကို Support ပြုလုပ်လာမယ်လို့ သိရပါတယ်။

အခု Huawei GPU Turbo စနစ်ဟာ လက်ရှိအချိန်မှာ စမတ်ဖုန်းအချို့မှာရရှိနေပြီဖြစ်ပြီးတော့ Huawei ရဲ့ Flagship စမတ်ဖုန်းတွေဖြစ်တဲ့ Huawei Mate 10 နဲ့ Huawei P20 ဖုန်းတွေအတွက်ကို နောက်လမှာ Update ပြုလုပ်နိုင်တော့မယ်လို့ Huawei ကနေ ကြေညာခဲ့တာဖြစ်ပါတယ်။

ကျန်ရှိနေတဲ့ Huawei Nova 2i ၊ Huawei Y9 2018 ၊ Mate 9 နဲ့ P10 စမတ်ဖုန်းတွေအတွက် GPU Turbo Update ရရှိမယ့်အချိန်ကိုလည်း ဖော်ပြပေးလိုက်ပါတယ်။