Samsung အနေနဲ့ ကမ္ဘာ့ စမတ်ဖုန်း အများဆုံး တင်ပို့ ရောင်းချသူ အဖြစ် ထိပ်ဆုံး နေရာမှာ အပြောင်းအလဲ မရှိ မားမားမတ်မတ် ဆက်လက် ရပ်တည်နိုင်ခဲ့ပေမယ့် ဒုတိယ နေရာမှာတော့ အပြောင်းအလဲလေးတွေ စတင် ဖြစ်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။ တရုတ်နိုင်ငံ အခြေစိုက် စမတ်ဖုန်း ကုမ္ပဏီကြီး တစ်ခု ဖြစ်တဲ့ Huawei အနေနဲ့ ၂၀၁၈ ဒုတိယ ကွာတားမှာ Apple ကို ကျော်လွန်ပြီး ကမ္ဘာ့ ဒုတိယ အများဆုံး စမတ်ဖုန်း တင်ပို့ ရောင်းချသူ အဖြစ် ရပ်တည်နိုင်ခဲ့တယ်လို့ သိရပါတယ်။

IDC, Canalys, Strategy Analytics တို့ရဲ့ လေ့လာ စမ်းသပ်ချက်များ အရ Huawei အနေနဲ့ ၂၀၁၈ ဒုတိယ ကွာတားမှာ စမတ်ဖုန်း အလုံးရေ ၅၄သန်း တင်ပို့ ရောင်းချနိုင်ခဲ့ပြီး Apple ကတော့ iPhone အလုံးရေ ၄၁.၃သန်းသာ ရောင်းချနိုင်ခဲ့တယ်လို့ သိရပါတယ်။ Samsung ကတော့ စမတ်ဖုန်း အလုံးရေ ၇၃သန်း တင်ပို့ ရောင်းချနိုင်ခဲ့ပြီး ထိပ်ဆုံး နေရာမှာ ရပ်တည်နေတုန်းပဲ ဖြစ်ပါတယ်။

International Data Corporation (IDC) ရဲ့ အဆိုအရ Samsung အနေနဲ့ ၂၀၁၈ ဒုတိယ ကွားတာမှာ တစ်ကမ္ဘာလုံး စမတ်ဖုန်း ဈေးကွက်ရဲ့ ၂၀.၉ ရာခိုင်နှုန်း ကို ရယူနိုင်ခဲ့ပြီး Huawei အနေနဲ့ ၁၅.၈ ရာခိုင်နှုန်း ကို ရယူနိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို တစ်ကမ္ဘာလုံး စမတ်ဖုန်း ဈေးကွက်ရဲ့ ၁၅.၈ ရာခိုင်နှုန်း ကို ရယူနိုင်ခဲ့တာကြောင့် Huawei အနေနဲ့ စံချိန်သစ် တစ်ခု ထပ်မံ ရေးထိုးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

အခြား နာမည်ကြီး စမတ်ဖုန်း ကုမ္ပဏီတွေ ဖြစ်တဲ့ Apple အနေနဲ့ ဈေးကွက်ရဲ့ ၁၂.၁ ရာခိုင်နှုန်း၊ Xiaomi အနေနဲ့ ၉.၃ ရာခိုင်နှုန်း၊ OPPO အနေနဲ့ ၈.၆ ရာခိုင်နှုန်း ရယူနိုင်ခဲ့တယ် လို့ သိရပါတယ်။ ဒါ့အပြင် Apple အနေနဲ့ မကြာမီ အချိန်အတွင်းမှာ မျိုးဆက်သစ် iPhone မော်ဒယ်တွေ ကို မိတ်ဆက် ပေးတော့မှာ ဖြစ်တာကြောင့် Huawei အနေနဲ့ ဒုတိယ နေရာမှာ အချိန် အကြာကြီး ရပ်တည်နိုင်မှာ မဟုတ်ဘူးလို့ ကျွမ်းကျင်သူများက ခန့်မှန်းထားကြပါတယ်။

REF: Gizmo China