ဒီနှစ်အတွင်းမှာဆိုရင် Apple ကုမ္ပဏီက iPhone 7 နဲ့ iPhone 7 Plus အနီရောင်ကို ထုတ်လုပ်ခဲ့ပေမယ့် ဒါက အမြည်းသဘောလောက်ဘဲ ရှိပါတယ်။ ဒီနှစ် ၂၀၁၇ ခုနှစ်ဟာဆိုရင်လည်း Apple ကုမ္ပဏီက iPhone တွေ စတင်ထုတ်လုပ်ခဲ့တာ ၁၀ နှစ်ပြည့်ပြီဖြစ်ပါတယ်။

iPhoneရဲ့ ပထမ မျိုးဆက် (First Generation) ကို ၂၀၀၇ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့မှာ Apple ကုမ္ပဏီရဲ့ ပဲ့ကိုင်ရှင်ကြီး စတီဂျော့ (Steve Jobs) က မိတ်ဆက်ခဲ့တာကို မှတ်မိကြမှာပါ။

ဒီနှစ် ၁၀ နှစ်ပြည့်မှာတော့ iPhone 8 ကို (Apple ကုမ္ပဏီကတော့ မကြေညာသေးပါ) ဘယ်လိုမျိုးထူးထူးခြားခြား ထုတ်မယ်ဆိုတာကိုတော့ နည်းပညာလေ့လာသူတွေက စောင့်ကြည့်နေကြဆဲပါ။

Apple ကုမ္ပဏီက iPhone 5 ကတည်းက စက်တင်ဘာလမှာ စမတ်ဖုန်းအသစ် မိတ်ဆက်လေ့ရှိတာကြောင့် လာမယ့် စက်တင်ဘာလမှာလည်း iPhone 8 ကို မိတ်ဆက်နိုင်ချေရှိတယ်လို့လည်း ခန့်မှန်းနေကြပါတယ်။

CNet နည်းပညာ Website ကတော့ ပေါက်ကြားလာတဲ့ သတင်းတွေကို လေ့လာသုံးသပ်ပြီး iPhone 8 ပုံစံကို အခုလိုဘဲ ခန့်မှန်းထားပါတယ်။

iPhone 8 က ဘယ်လို Specification တွေ ပါဝင်နိုင်မလဲ

  • iPhone 8 မှာ မျက်နှာပြင် အရွယ်အစားက 5.8 လက်မ၊ 5.5 လက်မ၊ 5 လက်မ နဲ့ 4.7 လက်မ အစရှိတဲ့ အရွယ်အစားတွေထဲက တမျိုးမျိုးဖြစ်နိုင်ပါတယ်။
  • ဟိုဘက်အနားဒီဘက်အနား မရှိသလောက်နည်းပါးပြီး မှန်ကလည်း ခုံးနေမယ်လို့ ခန့်မှန်းထားပါတယ်။

  • မျက်နှာပြင် စခရင်ကို OLED Display ကို True Tone နည်းပညာနဲ့ ပေါင်းစပ်သုံးမယ်လို့ ခန့်မှန်းထားပါတယ်။
  • Home Button ကို ဖုန်းရဲ့ အနောက်ဘက်မှာ ဒါမှမဟုတ် ဖုန်း စခရင်ထဲမှာဘဲ တခါတည်းပေါင်းပြီး ထည့်ထားမယ်။

  • ကြိုးမဲ့ အားသွင်းစနစ် (Wireless Charging)
  • ကင်မရာမှာ Lens ၂ ခုပါတဲ့ စနစ်မျိုးဖြစ်လာနိုင်
  • Apple Pencil ခဲတံနဲ့ တွဲအသုံးပြုလို့ရလာနိုင်

  • Apple ရဲ့ အားသွင်းတဲ့ အပေါက်က USB-C ပုံစံမျိုးဖြစ်လာနိုင်
  • ရေထိတွေ့မှု ခံနိုင်ရည် ပိုမြင့်လာနိုင်
  • Apple ရဲ့ processor မျိုးဆက်သစ်ကို သုံးလာနိုင် (The A10x ဒါမှမဟုတ် A 11)

  • မှန် ဒါမှမဟုတ် Stainless Steel ကိုယ်ထည်
  • Storage က 64 GB နဲ့ RAM က 3 GB ရှိလာနိုင်
  • သူငယ်အိမ် (Iris) Scanner ပါဝင်လာနိုင်
  • ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၈၅၀ ကနေ ၁၀၀၀ ဖြစ်နိုင်

ဘယ်လို နာမည်ပေးမလဲ

အများအားဖြင့်တော့ iPhone 5, iPhone 6, iPhone 7 စသဖြင့် အစဉ်လိုက် နာမည်ပေးခဲ့တာကြောင့် နောက်ဆုံးထွက်မယ့် စမတ်ဖုန်းကလည်း iPhone 8 ဖြစ်နိုင်ဖို့များပါတယ်။ ဒါပေမယ့် i pad မှာလိုဘဲ iPad Air 2 တို့လို နာမည်ပြောင်းသွားတာမျိုးလည်းဖြစ်နိုင်ပါတယ်။

iPhone X တို့ iPhone 10 တို့လည်း ပေးနိုင်တယ်လို့လည်း ကောလဟာလ တွေ ထွက်နေပါတယ်။

မျက်နှာပြင် ဒီဇိုင်းအသစ်

iPhone ရဲ့ မျက်နှာပြင်ကို OLED နည်းပညာအသုံးပြုမယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါပြီ။ OLED နည်းပညာကတော့ Apple အတွက် အသစ်ဖြစ်နိုင်ပေမယ့် Samsung ကုမ္ပဏီက တော့ အသုံးပြုတာ နှစ်ချီနေပါပြီ။

Wall Street Journal ကတော့ iPhone 8 ကို OLED နည်းပညာသုံး မှန်အခုံးနဲ့ ထုတ်နိုင်ချေရှိတယ်လို့ ဖေဖော်ဝါရီလက ခန့်မှန်းရေးသားခဲ့ပါတယ်။

Nikkei Asian Review ကတော့ Apple ကုမ္ပဏီက OLED နည်းပညာသုံးမှန်အခုံး ပေါင်း သန်း ၇၀ ကျော်ကို Samsung ကုမ္ပဏီက မှာယူခဲ့တယ်လို့လ်း ရေးသားခဲ့ပါတယ်။

ဒါ့အပြင် နောက်ထွက်လာမယ့် 7s, 7s Plus နဲ့ i Phone 8 တို့ရဲ့ စခရင်မှာ Apple ရဲ့ True Tone နည်းပညာကို သုံးမယ်လို့လည်း ခန့်မှန်းကြပါတယ်။ True Tone Technology က အလင်းရောင်အပေါ်မူတည်ပြီး စခရင်ရဲ့ အလင်းရောင်ကို ချိန်ပေးတဲ့ နည်းပညာပါ။

ကြိုးမဲ့ အားသွင်းစနစ်

iPhone က ပိုမို မြန်မြန်ဆန်ဆန်နဲ့ အားပြည့်နိုင်မယ့် ကြိုးမဲ့ အားသွင်းစနစ် Wireless Charging ကို အသုံးပြုလာနိုင်ဖွယ်ရှိပါတယ်။

iPhone ကုမ္ပဏီမှာ ကြိုးမဲ့ အားသွင်းစနစ်နဲ့ ကျွမ်းကျင်ပညာရှင် အစုအဖွဲ့တွေ ဒီနှစ်ပိုင်းအတွင်း အလုပ်လုပ်နေကြတယ်လို့ ရိုက်တာ သတင်းဌာနက ထုတ်ပြန်ခဲ့ပါတယ်။

Nikkei Asian Review မီဒီယာကလည်း iPhone ပစ္စည်းတွေ ထုတ်လုပ်ပေးနေတဲ့ Foxcon ကုမ္ပဏီက ကြိုးမဲ့အားသွင်းနိုင်တဲ့ ပစ္စည်းတွေကို ထုတ်လုပ်နေပြီလို့ ကြားသိထားကြောင်း ရေးသားခဲ့ပါတယ်။

ရေထိတွေ့မှု ခံနိုင်ရည် ပိုမြင့်လာနိုင်

Apple ကုမ္ပဏီက အခုလက်ရှိသုံးနေတဲ့ IP67 မျိုးဆက်ထက် ရေထိတွေ့မှု ပိုခံနိုင်ရည်မြင့်တဲ့ IP68 ကိုထုတ်လုပ်ပေးနိုင်ချေရှိပါတယ်။