Apple ဟာ ယခင်တုန်းက iPhone တွေမှာ LCD Display တွေကိုပဲ အသုံးပြုနေပြီးတော့ အဆိုပါ iPhone တွေအတွက် LCD Display ကိုလည်း Sharp ဆီကနေပဲ အများစု မှာယူသုံးစွဲလာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် မနှစ်က iPhone X မှာတော့ Apple ရဲ့ iPhone တွေထဲမှာ ပထမဆုံးအနေနဲ့ OLED Display ကို အသုံးပြုလာတာဖြစ်ပါတယ်။

Apple က မနှစ်ကထွက်ရှိခဲ့တဲ့ iPhone X မှာတော့ OLED Display ကို Samsung ဆီကနေ ရယူသုံးစွဲခဲ့တာပဲဖြစ်ပါတယ်။ အခုလိုမျိုး Samsung ဆီကနေ သုံးစွဲတာကလည်း အဲ့ဒီအချိန်တုန်းက Samsung ကိုယ်တိုင်က အကောင်းဆုံးသော OLED Display ထုတ်လုပ်သူတစ်ယောက်ဖြစ်နေတာကြောင့် Apple အနေနဲ့ အကောင်းဆုံးသော OLED Display ကို သုံးစွဲချင်တာကြောင့်လို့ ပြောလို့ရပါတယ်။ အဆိုပါ အချိန်တုန်းက LG ရဲ့ OLED Display ကို အသုံးပြုထားတဲ့ LG V30 ဖုန်းနဲ့ Google Pixel 2 XL ဖုန်းတွေမှာလည်း Display ပြဿနာတက်လာခဲ့တဲ့အတွက် Apple ရဲ့ ရွေးချယ်မှုက မှန်ကန်ခဲ့တယ်လို့ ပြောလို့ရပါတယ်။

ဒါပေမယ့် အခုအချိန်မှာတော့ Apple ကနေ ဒီနှစ်မှာ ထွက်ရှိလာတော့မယ့် iPhone အသစ်တွေမှာ Samsung ဆီကနေပဲ Display တွေ ဝယ်ယူသုံးစွဲတော့မှာမဟုတ်ပဲ Samsung ရဲ့ ပြိုင်ဘက်လို့ ပြောလို့ရတဲ့ LG ကနေပါ Display တွေကို ဝယ်ယူမှာဖြစ်တယ်လို့ သိရပါတယ်။ ဒီနှစ်မှာတော့ LG ဟာ Apple ကို OLED Display အပြင် LCD Display တွေပါ အထောက်ပံ့ပေးသွားမယ်လို့ သိရပါတယ်။

အရေအတွက်အတိအကျအနေနဲ့ကတော့ LG ဟာ Apple အတွက် OLED Display အရေအတွက် ၄ သန်းကနေ ၅ သန်းကို စတင် ထောက်ပံ့ပေးသွားမှာဖြစ်ပြီးတော့ Apple ရဲ့ ဒီနှဏ်အတွက်ဈေးအပေါဆုံး 6.1″ အရွယ် LCD Display ပါဝင်မယ့် iPhone အတွက် LCD Display ကိုတော့ အရေအတွက် သန်း ၂၀ ကျော် ထောက်ပံ့သွားမှာဖြစ်တယ်လို့ သိရပါတယ်။ Apple ရဲ့ တောင်းဆိုချက်အရ အခု LG ကနေ ထောက်ပံ့မယ့် LCD Display တွေက 0.3t Chip တွေကို အသုံးပြုလာမှာဖြစ်ပြီး ပုံမှန် LCD Display တွေထက် 2mm လောက်ပိုပြီး ပါးလွှာမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း Apple အနေနဲ့ ဒီနှစ် OLED Display အသုံးပြုလာမယ့် iPhone တွေအတွက် Display ကိုတော့ Samsung ဆီကနေပဲ အဓိက အသုံးပြုနေမှာဖြစ်ပြီးတော့ LG ကနေ အရံအနေနဲ့ပဲ မှာယူမှာဖြစ်တယ်လို့ ယူဆရပါတယ်။