လက်ရှိအသုံးပြုနေတဲ့ Wi-Fi ထက် Bandwidth အဆ ၁၀၀၀၀ လောက်မြန်တဲ့ Li-Fi နည်းပညာကို ၂၀၁၂ ခုနှစ်က စတင်မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ LED မီးလုံးကို အသုံးပြုကာ အလင်းတန်းသုံး ကြိုးမဲ့နည်းပညာနဲ့ Data တွေကို ပို့လွတ်တဲ့ Li-Fi ဒီနည်းပညာဟာ အခုလက်ရှိမှာတော့ တစ်စက္ကန့်အတွင်းကို 224 Gb ထိ အင်တာနက်ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။

ဒီနည်းပညာကို UK နိုင်ငံရှိ Edinburgh တက္ကသိုလ်က ပါမေက္ခဖြစ်သူ Harald Haas က စတင်တီထွင်ခဲ့တာဖြစ်ပါတယ်။ အရင်က Lifi ကို Data Light လို့ခေါ်ဆိုခဲ့ကြပါတယ်။

လက်ရှိ တွင်တွင်ကျယ်ကျယ်အသုံးပြုနေတဲ့ Wi-Fi ထက်ပိုမိုမြန်ဆန်ပြီး လုံခြုံရေးကလည်း ပိုပြီး ခိုင်မာတယ်လို့ ဆိုပါတယ်။

အားသာချက် Li-Fi နည်းပညာဟာ မြင်နိုင်တဲ့ အလင်းဆက်သွယ်မှုနည်းပညာ (Visible Light Communications (VLC)) အသုံးပြုထားပြီး Wi-Fi လို ရေဒီယိုလိုင်း ကိုအသုံးပြုထားတာမဟုတ်လို့ ပြင်ပနှောက်ယှက်မှုတွေနဲ့ တခြားလှိုင်းတွေ နှောက်ယှက်မှုကို ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။

Li-Fi နည်းပညာဟာ လေကြောင်းခရီးသွားလာရာမှာ အသုံးပြုမယ်ဆိုရင်လည်း လေယာဉ်ထိန်းချုပ်မှုစနစ်နှောက်ယှက်မှုနေ ကင်းဝေးပြီး လျှပ်စစ်ဓါတ်အားအသုံးပြုမှုပမာဏ Cable ဆွဲရတဲ့ ပမာဏကို လျှော့ချနိုင်မှာဖြစ်ပါတယ်။ ရေဒီယိုလိုင်းသုံး Wi-Fi ဟာ ရေစုတ်ယူမှုကိုခံတဲ့အတွက် ရေအောက်ဆက်သွယ်ရေးစနစ်မှာ အသုံးမပြုနိုင်ပေမယ့် အလင်းလိုင်းကိုအသုံးပြုထားတဲ့ Li-Fi ကတော့ ရေအောက်ဆက်သွယ်ရေးမှာလည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Li-Fi ရဲ့ အရှည်ကောက်ကတော့ Light Fidelty ဖြစ်ပြီး Wi-Fi နဲ့မတူတာကတော့ လူတွေအများကြီးရှယ်သုံးတဲ့အခါမှာလည်း လိုင်းနှေးသွားတာမျိုး လုံးဝမရှိဘူးလို့ ဆိုပါတယ်။

နံရံကို ထိုးမဖောက်နိုင်လို့ Wi-FI လို ကိုယ့်ရဲ့ အင်တာနက်ကို Hacking လုပ်သွားမှာကိုလည်း စိတ်ပူစရာမလိုပါဘူး။

နံရံကနေ ရောင်ပြန်လာတဲ့ အလင်းတန်းကနေလည်း ချိတ်ဆက်လို့ရပြီး အလင်းတန်းနဲ့ တိုက်ရိုက်မထိစေဘဲ အင်တာနက် ချိတ်ဆက်နိုင်တဲ့ထိ နည်းပညာ ပြောင်းလဲတိုးတက် လာပြီဖြစ်ပါတယ်။

Li-Fi နည်းပညာဟာ LED မီးလုံးကို ချိတ်ဆက်မယ့် ကရိယာတစ်ခုနဲ့ ကိုယ်အသုံးပြုမယ့် ကွန်ပျူတာကို ချိတ်ဆက်မယ့် ကရိယာတစ်ခု တပ်ဆင်အသုံးပြုရမှာဖြစ်ပါတယ်။ Li-Fi နည်းပညာကို ဈေးကွက်အတွင်း ၂၀၁၆ ခုနှစ်စက်တင်ဘာလက ရောင်းချခဲ့တာဖြစ်ပြီး စုစုပေါင်း ၁၀၀ ကျော်ရောင်းချခဲ့ရပြီဖြစ်ပါတယ်။

၂၀၂၀ ပြည့်နှစ်မှာတော့ Li-Fi ရဲ့ဈေးကွက်ဟာ ၇ ဆ လောက်မြင့်တက်လာမယ်လို့ ခန့်မှန်းထားပါတယ်။ ဒါပေမယ့် လက်ရှိအချိန်ထိတော့ နံရံကို ထိုးဖောက်နိုင်ခြင်းမရှိသေးသလို အလင်းရောင်ရောက်နိုင်တဲ့အကွာအဝေး နဲ့ နံရံကနေ ပြန်လာတဲ့အလင်းကနေသာ အင်တာနက် အသုံးပြုနိုင်တဲ့ ကန့်သတ်ချက်တချို့တော့ ရှိနေဆဲဖြစ်ပါတယ်။