ဖေဖော်ဝါရီလ အစပိုင်းတုန်းက Mario Animation ဇာတ်ကားကို စတင် ပြုလုပ်နေပြီး Mario Kart မိုဘိုင်းဂိမ်းကိုလည်း မကြာမီ အချိန်အတွင်း မိတ်ဆက်သွားမယ်လို့ Nintendo အနေနဲ့ အတည်ပြု ပေးခဲ့ပါတယ်။

အခုအခါမှာလည်း Mario Kart Tour Mobile ဂိမ်းကို Android နဲ့ iOS မှာ Super Mario Run လို အစပိုင်း Level တွေကို အလကား ဆော့ခွင့် ပေးသွားမှာ ဖြစ်တယ်လို့ Nintendo အတွက် Mario Kart Tour Mobile ဂိမ်းကို ထုတ်လုပ်ပေးနေတဲ့ DeNA ကုမ္ပဏီ ရဲ့ CEO က အတည်ပြုပေးခဲ့ပါတယ်။

The Wall Street ဂျာနယ်ရဲ့ နည်းပညာ သတင်းထောက်တစ်ဦး ဖြစ်တဲ့ Takashi Mochizuki က သူ့ရဲ့ Twitter စာမျက်နှာမှာ
“DeNA CEO ပြောကြားချက်များအရ Nintendo နဲ့ DeNA ပူးပေါင်းထုတ်လုပ်မယ့် ‘Mari Kart Tour’ စမတ်ဖုန်း ဂိမ်းကို ၂၀၁၈ ဘဏ္ဍာရေး နှစ်အတွင်းမှာ ထုတ်လုပ်သွားမှာဖြစ်ပြီး Free To Start ဂိမ်း တစ်ခု အဖြစ် ထုတ်လုပ်သွားမှာ ဖြစ်တယ်”
ဆိုတဲ့ အကြောင်းကို Tweet လုပ်သွားခဲ့ပါတယ်။

Free To Start ဆိုတဲ့ သဘောတရားကတော့ Mario Kart Tour မိုဘိုင်းဂိမ်း စတင် ထွက်ရှိလာတဲ့ အခါမှာ အစပိုင်း Level အနည်းငယ်ကို အလကား ကစားခွင့်ရမှာ ဖြစ်ပြီး ဂိမ်း တစ်ခုလုံးကို အပြည့်အဝ ကစားချင်တယ် ဆိုရင်တော့ ပိုက်ဆံပေး ဝယ်ရမှာ ဖြစ်ပါတယ်။ Super Mario Run မိုဘိုင်းဂိမ်းတုန်းကလည်း Free To Start မိုဘိုင်း ဂိမ်းအဖြစ် ထုတ်လုပ်ခဲ့တာ ဖြစ်ပြီး ဂိမ်း တစ်ခုလုံးကို ကစားချင်တယ် ဆိုရင်တော့ ကန်ဒေါ်လာ ၁၀ ဒေါ်လာ ဝန်းကျင် ပေးချေရတယ်လို့ သိရပါတယ်။

Super Mario Run မိုဘိုင်းဂိမ်း ကို Free To Start ဂိမ်း အဖြစ် မိတ်ဆက် ပေးခဲ့တဲ့ အပြင် Full Game Purchase အတွက် ၁၀ ဒေါ်လာ ဝန်းကျင် ကုန်ကျတာကြောင့် Nintendo အနေနဲ့ ထင်သလောက် အမြတ်အစွန်း မရှိခဲ့ဘူးလို့ သိရပါတယ်။

ဒါ့အပြင် Super Mario Run မိုဘိုင်းဂိမ်းကို ကစားဖို့အတွက် Internet Connection လိုအပ်တာ ကြောင့် အခု အသစ်ထွက်ရှိလာမယ့် Mario Kart Tour မိုဘိုင်းဂိမ်း ကို ကစားဖို့အတွက် Internet လိုအပ်မယ် ဆိုရင် အင်တာနက်လိုင်း မကောင်းတဲ့ နေရာတွေမှာ ကစားဖို့အတွက် အခက်အခဲတွေ ရှိလာနိုင်တာကြောင့် ဈေးကွက်ထဲမှာ ထင်သလောက် မရောင်းရ နိုင်ဘူးလို့ ကျွမ်းကျင်သူများက ခန့်မှန်း ထားကြပါတယ်။

ဒါကြောင့်မို့လို့ Nintendo အနေနဲ့ Mario Kart Tour မိုဘိုင်းဂိမ်းကို Free To Start ဂိမ်း အဖြစ် ဘယ်လို မိတ်ဆက်လာမလဲ ဆိုတာကို ဆက်လက် စောင့်ကြည့် ရအုံးမှာ ဖြစ်ပါတယ်။

REF: Gadget.Ndtv