Meizu ဆိုတာကတော့ စမတ်ဖုန်း လောကမှာ နာမည်ဆိုးနဲ့ သိပ်မရှိသလို နာမည်ကောင်းလည်း မရှိသလောက် ရှားတဲ့ စမတ်ဖုန်း Brand တစ်ခုလို့ ပြောလို့ရပါတယ်။ ဒါကြောင့်လည်း Meizu အနေနဲ့ Meizu 16 နဲ့ Meizu 16+ စမတ်ဖုန်းတွေ ကို တရားဝင် မိတ်မဆက်ပေးခင် လပေါင်းများစွာ အလိုကတည်းက စမတ်ဖုန်း ပရိသတ်တွေကြားမှာ ရေပန်းစားလာအောင် အချက်အလက်တွေ ချပြလိုက်၊ ဓါတ်ပုံလေးတွေ ချပြလိုက် နဲ့ ပရိသတ် စိတ်ဝင်စားမှု ရအောင် နည်းလမ်းမျိုးစုံ အသုံးပြုခဲ့ပါတယ်။

ဒါ့အပြင် Meizu ရဲ့ CEO ကိုယ်တိုင်ကလည်း အသစ်မိတ်ဆက် ပေးသွားမယ့် Meizu 16 နဲ့Meizu 16+ စမတ်ဖုန်း မော်ဒယ် နှစ်ခုဟာ ဈေးကွက်ထဲမှာ ဈေးနှုန်းအချိုသာဆုံး နဲ့ အကောင်းဆုံး Flagship စမတ်ဖုန်း မော်ဒယ် နှစ်ခု ဖြစ်စေရမယ်လို့ ကြွားလုံးထုတ်ခဲ့ပါတယ်။ ယခုအခါမှာတော့ Meizu 16 နဲ့ Meizu 16+ တို့ကို တရားဝင် မိတ်ဆက် ပေးလိုက်ပြီပဲ ဖြစ်ပါတယ်။

Meizu ရဲ့ CEO ကြွားလုံး ထုတ်ခဲ့သလိုပဲ တရားဝင် မိတ်ဆက်သွားတဲ့ အခါမှာ ဖော်ပြသွားတဲ့ Specifications တွေ၊ ဈေးနှုန်းတွေ အရ Meizu 16 နဲ့ 16+ တို့ဟာ လက်ရှိ Flagship စမတ်ဖုန်းတွေထဲမှာ အကောင်းဆုံး နဲ့ ဈေးနှုန်း အချိုသာဆုံးလို့ ပြောလို့ ရလောက်အောင် ကောင်းမွန်နေတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Meizu 16 နဲ့ 16+ တို့မှာ Notch ဒီဇိုင်း ကို အသုံးပြုထားခြင်း မရှိသလို OPPO Find X တို့ Vivo Nex တို့လို Pop-Up ကင်မရာကိုလည်း အသုံးပြုထားခြင်း မရှိပါဘူး။ ဒါပေမယ့်လည်း အထက်အောက် ဘေးဘယ်ညာတွေမှာ ကျဉ်းမြောင်းတဲ့ ဘေးဘောင်တွေကိုသာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Notch တွေ၊ Pop-Up Camera တွေ အသုံးမပြုပဲ Meizu 16 နဲ့ Meizu 16+ တို့ရဲ့ Display အပေါ်ဘက်မှာ Selfie ကင်မရာ၊ Earpiece တို့ကို ထည့်သွင်းထားပေမယ့် Screen to Body Ratio 91.18 % ရှိနေတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Pop-Up ကင်မရာ အသုံးပြုထားတဲ့ Vivo Nex မှာတောင် 91.24 % Screen to Body Ratio သာရှိတာကြောင့် ဒီလောက်ဆိုရင် Meizu 16 နဲ့ Meizu 16+ တို့မှာ Bezel ပါးပါးလေးတွေ အသုံးပြု ပေးထားတာကို သိရှိနိုင်မှာ အမှန်ပါပဲ။

Meizu 16 နဲ့ Meizu 16+ တို့မှာ ကိုယ်ထည်ပိုင်း အတွက် ဖန်သားပြင် ကိုယ်ထည်ကို အသုံးပြုပေးထားပြီး အဖြူရောင်၊ အမဲရောင် စတဲ့ အရောင်နှစ်မျိုး အနေနဲ့ မိတ်ဆက် ပေးခဲ့တာ ဖြစ်ပါတယ်။ Meizu 16 ဟာ 7.3 mm သာ အထူရှိတာကြောင့် လက်ရှိအချိန်မှာ ကမ္ဘာ့အပါးဆုံး In-Screen Fingerprint Scanner ပါဝင်တဲ့ စမတ်ဖုန်း အဖြစ်ပါ မှတ်တမ်းတင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဒါ့အပြင် အလေးချိန် ၁၅၂ ဂရမ်သာ ရှိတာကြောင့် ၁၉၉ ဂရမ် အလေးချိန်ရှိတဲ့ Vivo Nex, ၁၈၆ ဂရမ် အလေးချိန်ရှိတဲ့ OPPO Find X, ၁၇၇ ဂရမ် အလေးချိန် ရှိတဲ့ OnePlus 6 တို့နဲ့ ယှဉ်ကြည့်မယ် ဆိုရင်တောင် အလေးချိန် အရလည်း သိသိသာသာ လျော့နည်းနေပါတယ်။

Specifications အရလည်း Meizu 16 မော်ဒယ် နှစ်မျိုးအလုံးမှာ Snapdragon 845 SoC ကို အသုံးပြု ပေးထားတာကြောင့် လက်ရှိ အချိန်မှာ မြင်တွေ့နေရတဲ့ Flagship စမတ်ဖုန်းတွေ ကို တန်းတူ ယှဉ်ပြိုင်နေမှာ ဖြစ်ပါတယ်။ Meizu 16 ကို 6/ 64, 6/128, 8/ 128 စတဲ့ မော်ဒယ် သုံးမျိုး အနေနဲ့ မိတ်ဆက် ပေးခဲ့တာ ဖြစ်ပြီး Meizu 16+ ကို 6/ 128, 8/ 128, 8/ 256 စတဲ့ မော်ဒယ် သုံးမျိုး အနေနဲ့ မိတ်ဆက် ပေးခဲ့တာ ဖြစ်ပါတယ်။

Display ပိုင်းမှာတော့ Meizu 16 မှာ ၆လက်မ အရွယ်အစားရှိ FHD+ Super AMOLED Display ကို အသုံးပြုထားပြီး Meizu 16+ မှာ ၆.၅ လက်မ အရွယ်အစားရှိ FHD+ Super AMOLED Display ကို အသုံးပြုထားပါတယ်။ ဘက်ထရီပိုင်းမှာတော့ Meizu 16 မှာ 3010 mAh ဘက်ထရီ၊ Meizu 16+ မှာ 3640 mAh ဘက်ထရီ ပါဝင်မှာ ဖြစ်ပါတယ်။

Meizu 16 နဲ့ Meizu 16+ မော်ဒယ် နှစ်ခုလုံးမှာ In-Display Fingerprint Scanner ကို အသုံးပြုထားပြီး ဖုန်း ကို Unlock လုပ်ဖို့ အတွက် ၀.၂၅ စက္ကန့်သာ ကြာမြင့်မှာ ဖြစ်တယ်လို့ သိရပါတယ်။ နောက်ထပ် စိတ်ဝင်စားဖို့ ကောင်းတဲ့ အချက်ကတော့ Meizu 16 မော်ဒယ် နှစ်ခုလုံးမှာ Liquid Cooled Copper Tube Cooling System ပါဝင်တာပဲ ဖြစ်ပါတယ်။

Liquid Cooling System ပါဝင်တာကြောင့် Snapdragon 845 ရဲ့ စွမ်းဆောင်ရည် ကို အမြင့်ဆုံး အထိ အပူချိန် မြင့်တက်လာခြင်း မရှိပဲ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အခြား Features တွေ အနေနဲ့ Dual Band Wi-Fi 2×2 MIMO, LTE 4×4 MIMO, Bluetooth 5.0, Qualcomm aptX Support, Sony LDAC တို့လည်း Meizu 16 နဲ့ Meizu 16+ တို့မှာ ပါဝင်ပါတယ်။

ကင်မရာပိုင်းမှာတော့ Selfie ပုံ လှလှလေးတွေ ရိုက်ကူးနိုင်ဖို့ အတွက် ArcSoft’s Beauty Algorithms ပါတင်တဲ့ 20MP Front Camera ကို အသုံးပြုထားပါတယ်။ ဒါ့အပြင် Front Camera ကို အသုံးပြုပြီး Bokeh Photo တွေကိုလည်း ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။

Rear Camera ပိုင်းမှာတော့ Meizu 15 Plus ရဲ့ Camera Setup အတိုင်း ပွဲထွက်လာခဲ့ပြီး 12MP IMX 380 Sensor + 20MP IMX 350 Sensor Dual Camera Setup ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၁၈ စမတ်ဖုန်း တော်တော်များများမှာ ပါဝင်လာတဲ့ AI Camera Features တွေလည်း Meizu 16 နဲ့ Meizu 16+ တို့မှာ ပါဝင်လာပါတယ်။

Meizu 16 နဲ့ 16+ မော်ဒယ် နှစ်ခုလုံးမှာ Android Oreo ကို အခြေခံထားတဲ့ Flyme 7 UI ကို အသုံးပြုထားပြီး OneMind AI နည်းပညာ ပါဝင်တာကြောင့် Application တွေ ဖွင့်ဖို့ အတွက် ကြာမြင့်ချိန် ၃၆ရာခိုင်နှုန်း ပိုမို မြန်ဆန်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဂိမ်းမင်းပိုင်းမှာလည်း အဆင်ပြေပြေ အသုံးပြုနိုင်ဖို့ အတွက် တရုတ်နိုင်ငံ အခြေစိုက် နာမည်ကြီး ဂိမ်းကုမ္ပဏီတွေ ဖြစ်တဲ့ Tencent, NetEase စတဲ့ ကုမ္ပဏီတွေ နဲ့ ချိတ်ဆက်ကာ Meizu 16 နဲ့ Meizu 16+ စမတ်ဖုန်းတွေ ကို သေချာ ပြင်ဆင် ထားတယ်လို့ သိရပါတယ်။

Meizu 16 6/64 ကို ၃၉၅ ဒေါ်လာ၊ 6/128 ကို ၄၃၉ ဒေါ်လာ၊ 8/128 ကို ၄၈၃ ဒေါ်လာ၊ Meizu 1+ 6/128 ကို ၄၆၈ ဒေါ်လာ၊ 8/128 ကို ၅၁၂ ဒေါ်လာ၊ 8/256 ကို ၅၈၆ ဒေါ်လာ ကျသင့်မှာ ဖြစ်ပြီး သြဂုတ်လ ၂၀ ရက်နေ့က စတင်ကာ တရုတ်နိုင်ငံ အတွင်းမှာ စတင် ရောင်းချသွားမှာ ဖြစ်ပါတယ်။

REF: Gizmo China