ဘယ်လောက်ဘဲ ဈေးကြီးတဲ့ အီလက်ထရောနစ်ပစ္စည်းတွေဘဲဖြစ်ဖြစ် တခါတလေ ကိုယ်လုပ်မိနေတဲ့ အမှားတွေကြောင့် ကိုယ့် အီလက်ထရောနစ်ပစ္စည်းတွေ ခဏလေးနဲ့လည်း ပျက်တတ်ပါတယ်။

အားကုန်မှ ဘက်ထရီသွင်းခြင်း

စမတ်ဖုန်း၊ Tablets၊ Laptop တို့ကို လုံးဝ အားမကုန်ခင်မှာ အားသွင်းပေးသင့်ပါတယ်။ အများအားဖြင့် ဘက်ထရီ သက်တမ်းကို ထုတ်လုပ်တဲ့ စက်ရုံတွေက အားလုံးဝကုန်သွားတဲ့ အကြိမ်ရေနဲ့ တွက်ချက် ထုတ်ထားပါတယ်။ ဥပမာ ဘက်ထရီ၁လုံးက ဘက်ထရီအားလုံးဝကုန်သွားတဲ့ အကြိမ်ရေ ၄၀၀ ကနေ ၆၀၀ ကြား ခံနိုင်ရည်ရှိကြပါတယ်။

အကောင်းဆုံးကတော့ ဘက်ထရီ ၁၀ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းနားဘဲ ကျန်တော့တဲ့ အချိန်မှာ အားသွင်းပေးသင့်ပါတယ်။ အဲ့လို အားသွင်းပေးရင် ဘက်ထရီသက်တမ်းက ပိုကြာရှည်ခံပါတယ်။

အခုနောက်ပိုင်းဖုန်းတွေမှာတော့ ဘက်ထရီအားပြည့်ရင် အလိုလို ဖြတ်ချတဲ့ စနစ်တွေပါဝင်တာကြောင့် အားအသွင်းလွန်သွားတာမျိုးဖြစ်ပြီး ဖုန်းချက်ခြင်းပျက်သွားတာမျိုး မဖြစ်တော့ပါဘူး။ ဒါပေမယ့် အမြဲတမ်း အားအသွင်းလွန်တာမျိုး မဖြစ်ဖို့တော့ ဂရုစိုက်သင့်ပါတယ်။

Ultra Fast အားအမြန်သွင်းတဲ့ အားသွင်းကြိုးတွေကိုလည်း တတ်နိုင်သမျှ မသုံးပါနဲ့။

စမတ်ဖုန်းတွေ၊ Laptop တွေကို ၃ လမှာ ၁ ခါလောက် ဘက်ထရီကို အားအကုန်သုံးပြီးမှ ၁၀၀ ရာခိုင်နှုန်းအပြည့်ပြန်သွင်းရင်လည်း သက်တမ်းပိုခံပါတယ်။

အီလက်ထရောနစ်ပစ္စည်းတွေ ကို နေတိုက်ရိုက်ထိတဲ့နေရာမှာ မထားဖို့

အီလက်ထရောနစ်ပစ္စည်းတွေ အထူးသဖြင့် laptop တို့ ဖုန်းတို့ရဲ့ စခရင်ကို နေရောင်ခြည် တိုက်ရိုက်ကျတဲ့နေရာမှာ မထားဖို့ လိုပါတယ်။

မဟုတ်ရင် စခရင်ရဲ့ အရောင်တွေကို ထိခိုက်နိုင်ပါတယ်။

Laptop ၊ စမတ်ဖုန်း စခရင်ကို အ၀တ်စ နူးနူးညံ့ညံ့ (Free-Wipes) အ၀တ်စနဲ့ သုတ်ပါ။ မှန်ကြည်ဆေးရည်နဲ့ စခရင်တွေကို မသုတ်ပါနဲ့။ အဲ့ဒီဆေးရည်တွေမှာ အမိုးနီးယားဓာတ်ပါတာကြောင့် စခရင်တွေကို ပျက်စေပါတယ်။

Laptop ကို ဆွဲမပိတ်ခင်မှာ Keyboard ပေါ်မှာ ဘာပစ္စည်းမှ မကျန်အောင် ဂရုစိုက်ပေးပါ။ မဟုတ်ရင် ပိတ်လိုက်တဲ့အချိန်မှာ စခရင်နဲ့ထိပြီး စခရင်ကို ထိခိုက်စေပါတယ်။

Laptop ကို အေးအောင် ထားပါ

Laptop ကို ခေါင်းအုံးပေါ်၊ ပေါင်ပေါ်၊ အိပ်ယာပေါ်မှာ တင်ပြီး သုံးရင် အပူရှိန်ကို ပိုများစေပါတယ်။

ဒါကြောင့် Laptop ကို စားပွဲပေါ်၊ Laptop တင်တဲ့ ပန်ကာပါတဲ့ ခုံလေးနဲ့ တင်ပြီးသုံးသင့်ပါတယ်။

မိုးကြိုးပစ်နေရင်

မိုးကြိုးပစ်နေရင် ကွန်ပျုတာ ကို ပိတ်ပြီး ပလပ်အားသွင်းကြိုးတွေ ဖြုတ်ထားပါ။ အင်တာနက်ကိုလည်း ပိတ်ထားပါ။

မိုးကြိုးထဲက လျှပ်စီးကြောင်းက အီလက်ထရောနစ်ပစ္စည်းတွေထဲ ၀င်ပြီး ပျက်တတ်ပါတယ်။