HMD Global အနေနဲ့ ပြီးခဲ့တဲ့ မေလတုန်းက Nokia X6 Mid-Range စမတ်ဖုန်း မော်ဒယ်သစ်ကို တရုတ်နိုင်ငံမှာ မိတ်ဆက် ပေးခဲ့ပါတယ်။ ဒါပေမယ့် တရုတ်နိုင်ငံ အတွင်းမှာသာ Nokia X6 ကို ရောင်းချ ပေးခဲ့ပြီး ကမ္ဘာ့အနှံ့ကို ဖြန့်ချီ ရောင်းချ ပေးခဲ့ခြင်း မရှိပါဘူး။

ဒါပေမယ့်လည်း တရုတ်နိုင်ငံ ဈေးကွက်မှာ ရောင်းချပြီး ရက်အနည်းငယ် အကြာမှာ နိုင်ငံတကာ ဈေးကွက်မှာ Nokia X6 စမတ်ဖုန်းကို ရောင်းချပေးသွားမယ် ဆိုတဲ့ အကြောင်းကို တရားဝင် ထုတ်ပြန် ကြေငြာသွားခဲ့ပါတယ်။

ယခုအခါမှာတော့ HMD Global အနေနဲ့ ဇူလိုင်လ ၁၉ ရက်နေ့မှာ Nokia X6 Mid-Range စမတ်ဖုန်း ကို နိုင်ငံတကာ ဈေးကွက်မှာ မိတ်ဆက် ပေးသွားမှာ ဖြစ်တဲ့ အကြောင်း တရားဝင် ကြေငြာ သွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် Nokia X6 ဆိုတဲ့ အမည်နဲ့ မိတ်ဆက် ပေးသွားမှာ မဟုတ်ပဲ Nokia 6.1 Plus ဆိုတဲ့ အမည် နဲ့ မိတ်ဆက် ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Nokia 6.1 Plus စမတ်ဖုန်းဟာ Specifications နဲ့ ဒီဇိုင်းပိုင်းမှာ တရုတ်နိုင်ငံမှာ မိတ်ဆက်သွားခဲ့တဲ့ Nokia X6 စမတ်ဖုန်း နဲ့ တူညီမှာ ဖြစ်ပြီး နာမည်သာ ပြောင်းသွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ Nokia 6.1 Plus စမတ်ဖုန်းမှာ ၅.၈ လက်မ အရွယ်အစားရှိ FHD+ (2280 x 1080 Pixels) Resolution IPS LCD Display ကို အသုံးပြု ထားပါတယ်။ Aspect Ratio 19:9 ရှိမှာ ဖြစ်ပြီး Display ထိပ်ပိုင်းနားမှာ Notch လေးကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Processor ပိုင်းမှာတော့ Qualcomm ရဲ့ Mid-Range Processor Snapdragon 636 SoC ကို အသုံးပြုထားပြီး 4/32, 4/64 စတဲ့ မော်ဒယ် နှစ်မျိုးအပြင် 6/128 စတဲ့ မော်ဒယ် အနေနဲ့ပါ Nokia 6.1 Plus ကို မိတ်ဆက် လာနိုင်ပါတယ်။

ကင်မရာ အနေနဲ့ Nokia 6.1 Plus မှာ AI နည်းပညာ ပါဝင်တဲ့ 16MP f/2.0 + 5MP f/2.2 Dual Rear Camera Setup ကို မြင်တွေ့ရနိုင်ပြီး Selfie ပိုင်း အတွက် 16MP f/2.0 Sensor ကို အသုံးပြု လာနိုင်ပါတယ်။ Nokia 6.1 Plus ရဲ့ ကျောဘက်ပိုင်းမှာ Fingerprint Scanner ကို မြင်တွေ့ရမှာ ဖြစ်ပြီး Face Unlock စနစ်လည်း ပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ Operating System အနေနဲ့ Android 8.1 Oreo OS ကို အသုံးပြု သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Nokia 6.1 Plus မှာ Dual SIM အသုံးပြုနိုင်မှာ ဖြစ်ပြီး ဘက်ထရီ အနေနဲ့ 3060 mAh ဘက်ထရီ ပါဝင်မှာ ဖြစ်ပါတယ်။ Quick Charge 3.0 ပါဝင်တာကြောင့် ဖုန်း အားသွင်းရာမှာလည်း ပိုမို မြန်ဆန်စေမှာ ဖြစ်ပါတယ်။ Nokia 6.1 Plus ကို အဖြူရောင်၊ အမဲရောင်၊ အပြာရောင် စတဲ့ အရောင် သုံးမျိုး အနေနဲ့ မိတ်ဆက် သွားနိုင်ပြီး ကန်ဒေါ်လာ ၂၀၀ ဝန်းကျင် (မြန်မာငွေ ၂သိန်း ၈ သောင်း ဝန်းကျင်) နဲ့ ရောင်းချ လာနိုင်ပါတယ်။

REF: Gizmo China, GSM Arena