OnePlus 6 စမတ်ဖုန်းဟာ အခုဆိုရင် ထွက်ရှိလာတာ အချိန်တစ်ခုရှိသွားပြီဖြစ်ပြီးတော့ မြန်မာနိုင်ငံဈေးကွက်ထဲမှာလည်း ဝယ်ယူရရှိနိုင်နေပြီဖြစ်ပါတယ်။ အခုလိုမျိုး OnePlus 6 ဖုန်းဟာ မြန်မာနိုင်ငံမှာလည်း နာမည်ကြီးလာတဲ့အချိန်မှာ နာမည်ကြီး Teardown Website တစ်ခုဖြစ်တဲ့ iFixit ကနေ OnePlus 6 ကို Teardown ပြုလုပ်ပြီးတဲ့အချိန်မှာတော့ မမျှော်လင့်တဲ့အရာတစ်ခုကို တွေ့လာရပါတယ်။ အဲ့ဒါကတော့ OnePlus 6 က သာမန်စမတ်ဖုန်းတွေထက် ရေစိုဒါဏ်ကို ပိုပြီး ခံနိုင်ရည်ရှိနေတာပဲဖြစ်ပါတယ်။

OnePlus ကိုယ်တိုင်က OnePlus 6 စမတ်ဖုန်းက Splash Resistant အဆင့်ပဲ ရှိပြီးတော့ သာမန်မတော်တဆ မိုးရေစိုတာလောက်ပဲ ခံနိုင်မှာဖြစ်ပြီးတော့ တရားဝင်ရေဘယ်လောက်စိုခံတယ်ဆိုပြီး IP Rating တွေမရှိသေးဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် အခု iFixit ရဲ့ Teardown အရတော့ OnePlus 6 စမတ်ဖုန်းက သာမန်ထက် ရေစိုခံနေတယ်လို့ သိရပါတယ်။ ဘာဖြစ်လို့လဲဆိုရင် SIM Card Tray ကိုလည်း ရေစိုခံနိုင်အောင် Rubber Gasket ဖြစ်သွားတယ်လို့ သိရပါတယ်။ ဒါ့အပြင် OnePlus 6 ဖုန်းကအတွင်းပိုင်းမှာလည်း ရေစိုခံနိုင်တဲ့ တခြားစမတ်ဖုန်းတွေလိုမျိုးပဲ Safeguard တွေနဲ့ Black Silicon Seals တွေပါဝင်နေတယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် IP Rating မပါဝင်ပေမယ့် သာမန် ရေစိုမခံတဲ့ စမတ်ဖုန်းတွေထက်တော့ သိသိသာသာကို ရေစိုခံနေမှာပါ။

ဘာပဲဖြစ်ဖြစ် အခုလိုမျိုး iFixit Teardown အရ OnePlus 6 ဖုန်းက သာမန်မိုးတွင်းမှာတော့ ရေစိုမှာကို စိတ်ပူစရာမလိုပဲ အသုံးပြုနိုင်မယ်လို့ ယူဆပါတယ်။ ဒါပေမယ့်လည်း IP Rating ပါဝင်တဲ့ စမတ်ဖုန်းတွေလောက်တော့ စိတ်ချထားလို့မရတာကိုတော့ သတိထားရမှာပါ။

OnePlus 6 စမတ်ဖုန်းက Qualcomm Snapdragon 845 Processor ၊ RAM 6GB ဒါမှမဟုတ် 8GB နဲ့ Storage ကိုလည်း 64GB ၊ 128GB နဲ့ 256GB ရွေးချယ်နိုင်တဲ့အတွက် လက်ရှိမှာ စွမ်းဆောင်ရည်အကောင်းဆုံး ဖုန်းတွေထဲမှာ တစ်ခုအပါအဝင် ဖြစ်လာတာပဲဖြစ်ပါတယ်။