တရုတ်နိုင်ငံ အခြေစိုက် မိုဘိုင်းလ်ဖုန်း ကုမ္ပဏီတစ်ခု ဖြစ်တဲ့ Oppo အနေနဲ့ ဇွန်လ ၂၀ ရက် ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ Oppo Find Series ရဲ့ နောက်ဆုံးပေါ် Flagship စမတ်ဖုန်းတစ်လုံးဖြစ်တဲ့ Oppo Find X စမတ်ဖုန်း ကို မိတ်ဆက်ပေးခဲ့ပါတယ်။

Oppo အနေနဲ့ Find Series စမတ်ဖုန်းတွေဖြစ်တဲ့ Oppo Find၊ Oppo Find 5၊ Oppo Find 5 Mini၊ Oppo Find 7၊ Oppo Find 7a စတဲ့ စမတ်ဖုန်းတွေကို မိတ်ဆက်ပေးပြီး လေးနှစ်အကြာမှ အခုလို Oppo Find X စမတ်ဖုန်းကို ထပ်မံ မိတ်ဆက်ပေးလိုက်တာပဲ ဖြစ်ပါတယ်။ လေးနှစ်အကြာမှ မိတ်ဆက်ခဲ့တဲ့အတိုင်း Oppo ပရိသတ်တွေ မျှော်လင့်ရကျိုးနပ်အောင် Oppo Find X စမတ်ဖုန်းဟာ ယနေ့ခတ် ခေတ်စားနေတဲ့ Flagship စမတ်ဖုန်းတွေနဲ့ မတူညီတဲ့ ဒီဇိုင်းနဲ့ ပွဲထွက်လာခဲ့ပါတယ်။

ဥပမာအနေနဲ့ ပြောရရင် Essential စမတ်ဖုန်းမှာ စတင်အသုံးပြုခဲ့တဲ့ Notch ဒီဇိုင်းဟာ Essential အတွက် ထင်သလောက် အောင်မြင်ခဲ့ခြင်း မရှိပေမယ့် iPhone X မှာ အသုံးပြုလိုက်တဲ့ အချိန်မှာ ဟိုးလေးတကျော် အောင်မြင်သွားခဲ့ပါတယ်။ အခုအချိန်မှာဆိုရင် Flagship စမတ်ဖုန်း တော်တော်များများမှာ Notch ဒီဇိုင်း အသုံးပြုလာတာကို မြင်တွေ့ရမှာ ဖြစ်ပေမယ့် Oppo Find X စမတ်ဖုန်းမှာ Notch ပါဝင်ခဲ့ခြင်းမရှိတဲ့အပြင် ပိုမိုဆန်းပြားတဲ့ ဒီဇိုင်းနဲ့ ပွဲထွက်လာတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ဒီတော့ Oppo Find X ရဲ့ ဆန်းသစ်တဲ့ ဒီဇိုင်း၊ အသုံးပြုထားတဲ့ Specifications တွေကို အသေးစိတ် လေ့လာကြည့်လိုက်ကြရအောင်။ Oppo Find X မှာ ၆.၄၂ လက်မ အရွယ်အစားရှိ Full HD+ AMOLED Display ကို အသုံးပြုထားတယ်။ Full-HD+ Display ကို အသုံးပြုထားတာကြောင့် 1080 x 2340 Pixels Resolution အထိ အထောက်အပံ့ပေးသွားမှာ ဖြစ်ပါတယ်။

18:9 Aspect Ratio Display တွေ ခေတ်စားနေကြတဲ့ လက်ရှိအချိန်မှာ Oppo Find X ကတော့ 19.5:9 Aspect Ratio Display ကို အသုံးပြုပေးထားပြီး Screen to Body Ratio ၉၃.၈ ရာခိုင်နှုန်း ရှိမှာဖြစ်ပါတယ်။ ဆိုလိုတာကတော့ Oppo Find X ရဲ့ ရှေ့မျက်နှာပြင်တစ်ခုလုံး Display ဖန်သားပြင်ကြီး ဖြစ်သွားပြီး အလွန်ကျဉ်းမြောင်းတဲ့ Bezel လေးတွေကိုသာ မြင်တွေ့ရမှာဖြစ်ပါတယ်။

Oppo Find X စမတ်ဖုန်းမှာ Qualcomm ရဲ့ နောက်ဆုံးပေါ် Snapdragon 845 SoC ကို အသုံးပြုထားပြီး RAM အနေနဲ့ 8GB ပါဝင်မှာ ဖြစ်ပါတယ်။ Internal Storage 256 GB ပါဝင်မှာ ဖြစ်ပြီး MircoSD ကဒ်တော့ ထပ်စိုက်လို့ ရနိုင်မှာ မဟုတ်ပါဘူး။

Oppo Find X စမတ်ဖုန်းရဲ့ ကျောဘက်ပိုင်းအတွက်ကိုတော့ Galaxy S9 မှာလို ထောင့်စွန်းတွေမှာ အကွေးလေးတွေ ပါဝင်တဲ့ Shiny Metal Back ကို အသုံးပြုပေးထားပါတယ်။ Oppo Find X ရဲ့ အဓိက ထူးခြားတဲ့ အချက်ကတော့ ဖုန်းရဲ့ အရှေ့ဘက်မှာရော ကျောဘက်မှာပါ ကင်မရာ မပါဝင်တာပါပဲ။
Oppo Find X အတွက် Selfie ကင်မရာ နဲ့ Back ကင်မရာ ကို Display အနေနဲ့ ကျောဘက်ခြမ်း ရဲ့ ကြားခံနေရာမှာ ထည့်သွင်းထားပါတယ်။ အခုလို ကင်မရာကို Display နဲ့ ကျောဘက်ကြားမှာ ထည့်သွင်းထားတာဟာ စမတ်ဖုန်းတွေမှာ ပထမဆုံးလို့ ပြောလို့ရပါတယ်။

ဖုန်းကနေ တစ်ဆင့် ကင်မရာ App ကို ဖွင့်လိုက်မယ်ဆိုရင် “Stealth 3D” လို့ အမည်ပေးထားတဲ့ ကင်မရာပါဝင်တဲ့ အချပ်ပြားကြီး တစ်ချပ် အလိုအလျောက် ဖုန်းရဲ့ အပေါ်ဘက်မှာ ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။

ကင်မရာ ပါဝင်တဲ့ Stealth 3D အပိုင်းကို ဖုန်းရဲ့ ကိုယ်ထည်အတွင်းမှာ မြှုပ်နှံထားတာဖြစ်တာကြောင့် ကင်မရာအသုံးမပြုတဲ့ အချိန်တွေမှာ ဖုန်းရဲ့ ကိုယ်ထည် အတွင်းမှာ တည်ရှိနေမှာ ဖြစ်ပြီး ဖုန်းနဲ့ တစ်သားတည်း ဖြစ်နေမှာ ဖြစ်တယ်လို့ သိရပါတယ်။

Oppo Find X မှာ Selfie ပိုင်း အတွက် AI နည်းပညာ ပါဝင်တဲ့ 25MP f/2.0 3D ကင်မရာကို အသုံးပြုထားပါတယ်။ ဒါ့အပြင် အလင်း၊ အမှောင် အလိုအလျောက် ချိန်ပေးနိုင်တဲ့ 3D Lighting Techniques တွေ ပါဝင်ပြီး လှပတဲ့ Artistic Portraits တွေ ရိုက်ကူးနိုင်မယ့် Filters တွေလည်း ပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် Oppo Find X ရဲ့ Selfie ကင်မရာ ကို အသုံးပြုပြီး iPhone X မှာလို 3D အီမိုဂျီလေးတွေ ဖန်တီးနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ Oppo ကတော့ အီမိုဂျီလေးတွေ ကို 3D Omoji လို့ အမည်ပေးထားပါတယ်။

Back ကင်မရာ အတွက်ကိုတော့ Dual Camera Setup ကို အသုံးပြုထားပြီး LED Flash၊ OIS ပါဝင်တဲ့ 16 MP f.20 Primary ကင်မရာ နဲ့ အတူ 20 MP f/2.2 Secondary ကင်မရာတို့ကို တွဲဖက် အသုံးပြုပေးထားပါတယ်။ AI Portraits၊ AI Scene Recognition Technology စတဲ့ Features တွေ Back ကင်မရာ မှာ ပါဝင်တယ်လို့ သိရပါတယ်။

Oppo Find X မှာ နောက်ထပ် ထူးခြားတဲ့ အချက် တစ်ခုကတော့ Vivo X21 UD၊ MI 8 EE တို့လို Under-Display Finger Print Sensor မပါဝင်တဲ့အပြင် သာမန် Finger Print Sensor တောင် မပါဝင်တာပဲ ဖြစ်ပါတယ်။

Fingerprint မပါဝင်ပေမယ့် Oppo ရဲ့ အထူးပြုလုပ်ထားတဲ့ နည်းပညာ တစ်ခု ဖြစ်တဲ့ O-Face Recognition ဆိုတဲ့ 3D Facial Scanning လို့ အမည်ရတဲ့ မိမိရဲ့ မျက်နှာနဲ့ ဖုန်းကို Unlock ပြုလုပ်နိုင်မယ့် နည်းစနစ် တစ်ခုကို Oppo Find X မှာ မိတ်ဆက်ပေးခဲ့ပါတယ်။

3D Facial Scanning အတွက် Front ကင်မရာ ကို အသုံးပြုသွားမှာဖြစ်ပြီး အခြား ဘယ် Android စမတ်ဖုန်းမှာမှ အသုံးမပြုရသေးတဲ့ 3D Structure Light နည်းပညာကို အသုံးပြုသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် 3D Facial Scanning ဟာ သာမန် Fingerprint တွေထက် အဆ ၂၀ ပိုမို လုံခြုံတယ်လို့ OPPO ကတော့ ညွှန်းဆိုထားပါတယ်။

ဖုန်းကို Unlock ပြုလုပ်ချင်တယ်ဆိုရင် ဖုန်းကို မျက်နှာ အရှေ့မှာ ထားလိုက်တာနဲ့ Stealth 3D လို့ အမည်ရတဲ့ ကင်မရာတွေ ပါဝင်တဲ့ အချပ်ပြားကြီး အလိုအလျောက် ထွက်ပေါ်လာမှာဖြစ်ပြီး မိမိရဲ့ မျက်နှာကို Scan ဖတ်စစ်ဆေးကာ Unlock ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် Oppo အသုံးပြုသူ ပရိသတ်တွေ Oppo Find X စမတ်ဖုန်းကို စိတ်ချလက်ချ အသုံးပြုနိုင်အောင် Stealth 3D အကြမ်းခံနိုင်မှုကို အကြိမ် သုံးသိန်းခန့် အထုတ်အသွင်း စမ်းသပ်ခဲ့တာဖြစ်ပြီး အယိုအယွင်း အပျက်အစီး မရှိတာ သေချာမှ အခုလို မိတ်ဆက်ပေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
Oppo Find X မှာ Android 8.1 Oreo ကို အခြေခံထားတဲ့ Color OS 5.1 ကို အသုံးပြုထားပြီး Sim ကတ် နှစ်ကတ် ( Nano+ Nano) ထည့်သွင်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

3730 mAh ဘက်ထရီ ကို အသုံးပြုထားပြီး VOOC Fast Charging စနစ် ပါဝင်တာကြောင့် အားသွင်းရာမှာလည်း ကြာမြင့်စွာ စောင့်ဆိုင်းစရာ လိုအပ်မှာ မဟုတ်ပါဘူး။ Connectivity Options တွေ အနေနဲ့ USB Type C၊ 4G VoLTE၊ Wi-Fi 802.11 ac၊ Bluetooth 5 LE၊ GPS တို့ ပါဝင်မှာ ဖြစ်ပါတယ်။

Oppo Find X စမတ်ဖုန်း ကို Bordeaux Red၊ Glacier Blue စတဲ့ အရောင်နှစ်မျိုးနဲ့ သြဂုတ်လ အတွင်းမှာ ၉၉၉ ယူရို နဲ့ စတင် ရောင်းချသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် 512GB Internal Storage၊ Super VOOC Flash Charge ပါဝင်ပြီး Carbon Fibre Back အသုံးပြုထားတဲ့ Oppo Find X Limited Lamborghini Edition ကိုလည်း ၁၆၉၉ ယူရို နဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။