ကုမ္ပဏီသည် 5G ဂေဟစနစ်တစ်ခု တည်ဆောက်ရန် လုပ်ငန်းမိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်ရေး ကတိကဝတ်ကို အလေးထားပါကြောင်း

မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၊ ဒီဇင်ဘာလ (၁၄) ရက်။ ။ OPPO ကုမ္ပဏီသည် တရုတ်နိုင်ငံ၏ အကြီးဆုံးဆက်သွယ် ရေးဝန်ဆောင်မှုကုမ္ပဏီ ဖြစ်သော China Mobile ၏ နည်းဗျူဟာမိတ်ဖက်ဖြစ်သည်နှင့်အညီ ဒီဇင်ဘာလ (၆) ရက် မှ (၈) ရက်နေ့အထိ ကွမ်ကျိုးမြို့တွင် ကျင်းပခဲ့သော ပွဲ၌ OPPO Find X 5G နမူနာပုံစံကို ပထမဆုံးအကြိမ် ထုတ်ပြခဲ့သည်။ OPPO မှ ကမ္ဘာအနှံ့ရှိ မိတ်ဖက်လုပ်ငန်းများနှင့်အတူ 5G ဂေဟစနစ်ကို တိုးတက်အောင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်းပြောကြားခဲ့သည်။

နမူနာ Snapdragon 855 နှင့် X50 5G modem တို့ပါဝင်သော OPPO Find X 5G နမူနာပုံစံသည် ထူးခြားပြောင်မြောက်သော 5G စွမ်းဆောင်ရည်ကိုပေးစွမ်းနိုင်ပြီး Global Partners Conference ပွဲ တက်ရောက် လာသူများ၏ အာရုံစိုက်မှုကို ရရှိခဲ့သည်။ Conference ပွဲတွင် OPPO ၊ Qualcomm နှင့် ကမ္ဘာ့ဦးဆောင် အီလက်ထရောနစ်တိုင်းတာသော ကုမ္ပဏီဖြစ်သည့် Keysight Technologies Inc. တို့မှ 5G ကွန်ရက်ချိတ်ဆက်အသုံးပြုမှု နှင့် အက်ပလီကေးရှင်းများ အသုံးပြုခြင်းတို့အပါအဝင် ဝက်ဘ်ဆိုက်စာမျက်နှာအသုံးပြုခြင်း၊ အွန်လိုင်းဗီဒီယိုများ ကြည့်ရှုခြင်း နှင့် ဗီဒီယိုဖုန်းခေါ်ဆိုခြင်းတို့ကို Find X 5G နမူနာပုံစံကို အသုံးပြု၍ပြသခဲ့သည်။

Conference တွင် OPPO ၏ ကမ္ဘာလုံးဆိုင်ရာ ဒုတိယဥက္ကဋ္ဌနှင့် တရုတ်စီးပွားရေးဥက္ကဋ္ဌ Brain Shen က “OPPO ဟာ ၂၀၁၉ မှာ ကုန်သွယ်မှုဆိုင်ရာ 5G စမတ်ဖုန်းတွေ စတင်ထုတ်လုပ်တဲ့ ကုမ္ပဏီတွေထဲက တစ်ခုဖြစ်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” ဟု ပြောကြားခဲ့သည်။ OPPO သည် 5G ခေတ်ရှေ့ဆောင်ဖြစ်သည်နှင့်အညီ 5G စံနှုန်း၊ ထုတ်ကုန်သုတေသနနှင့် တီထွင်ဖန်တီးမှု၊ အက်ပလီကေးရှင်းများ စူးစမ်းရှာဖွေခြင်းတို့အပေါ် လုပ်ဆောင်လာသည်မှာ ၂၀၁၅ နှစ်စကတည်းကပင်ဖြစ်ပြီး အောင်မြင်မှုများစွာလည်း ရရှိထားပြီးဖြစ်ပါသည်။ ၂၀၁၈ မေလတွင် OPPO မှ Structured Light နည်းပညာကို အသုံးပြုပြီး ကမ္ဘာ့ပထမဆုံး 5G 3D ဗီဒီယိုဖုန်းခေါ်ဆိုခြင်းကို အပြီးသတ်ဆောင်ရွက်နိုင်ခဲ့ပြီး “Ubiquitous Reality” ဟူသည့် Concept ကို အဆိုပြုခဲ့သည်။ ထို့နောက် OPPO မှ သြဂုတ်လတွင် စမတ်ဖုန်းပေါ်၌ 5G အချက်ပြခြင်းနှင့် ဒေတာချိတ်ဆက်ခြင်းကို ကမ္ဘာ့ပထမဆုံးအနေဖြင့် လုပ်ဆောင်နိုင်ခဲ့ ပါသည်။ ထို့အပြင် အောက်တိုဘာလတွင် စမတ်ဖုန်းပေါ်၌ 5G အင်တာနက် အသုံးပြုမှု စမ်းသပ်ခြင်းကို ပထမဆုံး လုပ်ဆောင်နိုင်ခဲ့သော ကုမ္ပဏီ ဖြစ်လာခဲ့သည်။ OPPO ၏ နောက်ဆုံး 5G မှတ်တိုင်အဖြစ် နိုဝင်ဘာလ (၃၀) ရက်နေ့တွင် OPPO မှ 5G ကွန်ရက်မှတစ်ဆင့် ကမ္ဘာ့ပထမဆုံးဖြစ်သော စမတ်ဖုန်းပေါ်တွင် လူအများအပြားဖြင့် ဗီဒီယို ဖုန်းခေါ်ဆိုခြင်းအား ပြုလုပ်ခဲ့သည်။

ရေရှည်ကို မျှော်မှန်းကြည့်လျှင် 5G+ ခေတ်မှာ အရာအားလုံးချိတ်ဆက်နေပြီး “အတွေ့အကြုံက ဘုရင်ဖြစ်သည်” ဟူသော ယုံကြည်ချက်ဖြင့် OPPO က “5G+” concept ကို မိတ်ဆက်ခဲ့သည်။ “စမတ်ဖုန်းတွေဟာ 5G ကွန်ရက်ကတစ်ဆင့် ချိတ်ဆက်ထားတဲ့ စမတ်ပစ္စည်းတွေရဲ့ ဗဟိုချက်မှာ ရှိပါလိမ့်မယ်။ ‘စမတ်ကျန်းမာရေး’ နဲ့ ‘စမတ်အိမ်’ ခေတ်ဆိုပြီး ခေါ်ဆိုနိုင်ဖို့ OPPO ဟာ 5G ဆုံမှတ်နဲ့ နောက်ဆုံးပေါ်နည်းပညာ (Cutting-Edge Technologies) တွေကို စူးစမ်းရှာဖွေပြီး အမျိုးမျိုးသောစမတ်ပစ္စည်းတွေ စတင်ဖန်တီးထားပြီးဖြစ်ပါတယ်။ ပြီးတော့လည်း 5G+ ဆန်းသစ် တီထွင်ထားတဲ့ ဂေဟစနစ်ကို စီးပွားဖက်ကုမ္ပဏီတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်” ဟု Shen က ပြောသည်။

OPPO Research Institute ၏ အကြီးအကဲ Levin Liu က “OPPO ကုမ္ပဏီဟာ စမတ်ဖုန်းတွေနဲ့ စမတ်ပစ္စည်းတွေကို စစ်မှန်ပြီး အသိဉာဏ်ရှိတဲ့ ကိုယ်ရေးလက်ထောက်တွေ ဖြစ်စေမယ့် AI၊ Big Data၊ Cloud Computing နဲ့အတူ (5G + ABC) တိုးတက်ရေးကို အင်တိုက်အားတိုက် ကြိုးပမ်းသွားပါမယ်။ ပိုမိုကောင်းမွန်၍ ဖြစ်နိုင်ချေရှိပြီး အားလုံးကို အပြတ်ရှင်းမယ့် 5G App တွေဟာ အနာဂတ်မှာ ပေါ်ထွက်လာပြီး အဓိပ္ပါယ်ရှိတဲ့ အတွေ့အကြုံသစ်တွေကို သယ်ဆောင်လာပေးမှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

5G ဂေဟစနစ် တည်ဆောက်ရာတွင် OPPO သည် Qualcomm၊ ကွန်ရက်အခြေခံပစ္စည်းထုတ်လုပ်သူများ၊ တယ်လီကွန်း ဝန်ဆောင်မှုကုမ္ပဏီများ၊ အခြားသောကုမ္ပဏီမိတ်ဖက်များနှင့်အတူ ဆက်လက်ပူးပေါင်းသွားမည်ဖြစ်သည်။ တရုတ်နိုင်ငံတွင် OPPO သည် 5G ပစ္စည်းများ ကုန်သွယ်မှုကို တိုးမြှင့်ဆောင်ရွက်ရန်နှင့် China Mobile ၏ ‘5G Device Forerunner Initiative’ မှတစ်ဆင့် 5G နယ်ပယ်အတွက် ဂေဟစနစ်သစ်တစ်ခုကို တည်ဆောက်ရန် China Mobile နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။ တရုတ်နိုင်ငံ ပြင်ပတွင် OPPO သည် လာမည့်နှစ်အတွင်း 5G ကုန်ပစ္စည်းများ မိတ်ဆက်နိုင်ရန် အစီအစဉ်များနှင့်အတူ ဥရောပ၊ သြစတေးလျနှင့် အခြားသောပြည်ပဈေးကွက်များရှိ တယ်လီကွန်း ဝန်ဆောင်မှုကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိသည်။