Corning Inc ဆိုတာကတော့ စမတ်ဖုန်းတွေ အကြမ်းခံစေဖို့ အတွက် Display အပေါ်မှာ ဖုံးအုပ်ပေးထားတဲ့ အကြမ်းခံ Gorilla Glass တွေ ကို ထုတ်လုပ် ရောင်းချ ပေးနေတဲ့ ကုမ္ပဏီ တစ်ခုပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်မှာ Gorilla Glass 5 ကို မိတ်ဆက် ပေးခဲ့ပြီး ပထမဆုံး အနေနဲ့ ဘက်ထရီ ပြဿနာတွေကြောင့် ပြန်လည် သိမ်းဆည်းခဲ့ရတဲ့ Samsung Galaxy Note 7 မှာ အသုံးပြုခဲ့ပါတယ်။

Samsung Galaxy Note 7 မှာ Gorilla Glass 5 ကို အသုံးပြုပြီး နောက်ပိုင်းမှာတော့ ကမ္ဘာတစ်ဝှမ်းလုံး က စမတ်ဖုန်း ကုမ္ပဏီတွေ အနေနဲ့ Corning Gorilla Glass 5 ကို စတင် အသုံးပြုလာကြတာ ယနေ့ထက်တိုင်ပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း Corning Inc အနေနဲ့ ပြီးခဲ့တဲ့ နှစ်ပတ်တုန်းက Gorilla Glass 5 ရဲ့ မျိုးဆက်သစ် Gorilla Glass 6 ကို မိတ်ဆက် သွားခဲ့ပါတယ်။

မိတ်ဆက်ပြီး သိပ်မကြာခင် အချိန်အတွင်းမှာပဲ Goirlla Glass 6 ပထမဆုံး အသုံးပြု စမတ်ဖုန်း ကို ထုတ်လုပ်သွားဖို့ အတွက် OPPO နဲ့ သဘောတူညီမှု ရသွားခဲ့ပြီ ဖြစ်ကြောင်း Corning Inc မှ ထုတ်ပြန် ကြေငြာ သွားခဲ့ပါတယ်။ ဒါ့အပြင် အခြား နာမည်ကြီး စမတ်ဖုန်း ကုမ္ပဏီကြီးတွေကလည်း Gorilla Glass 6 ကို အသုံးပြုနိုင်ရန် အတွက် ချဉ်းကပ်မှုတွေ လုပ်ဆောင်လျက် ရှိတယ်လို့ သိရပါတယ်။

Gorilla Glass 6 ဟာ အရင်တုန်းက မိတ်ဆက် ပေးခဲ့တဲ့ Gorilla Glass 5 ထက် ၂ဆ ပိုမို အကြမ်းခံမှာ ဖြစ်ပြီး အမြင့်ပေ ၁ မီတာကနေ ၁၅ကြိမ် တိတိ ပြုတ်ကျခဲ့ရင်တောင် ခံနိုင်ရည် ရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။ OPPO အနေနဲ့ Gorilla Glass 5 ကို Flagship စမတ်ဖုန်း OPPO Find X, OPPO R15 တို့မှာ အသုံးပြုသွားတာကြောင့် အသစ် မိတ်ဆက်သွားမယ့် In-Display Fingerprint Scanner ပါဝင်မယ့် Flagship စမတ်ဖုန်း OPPO R17 မှာ Gorilla Glass 6 ကို ပထမဆုံး အနေနဲ့ အသုံးပြုသွားဖွယ် ရှိပါတယ်။

REF: Gizmo China, GSM Arena