အသုံးဝင်လှတဲ့ ဖုန်းတစ်လုံးဟာ နေရာတိုင်းမှာ ထုတ်သုံးလို့ မသင့်တော်ပါဘူး။ လူမှုရေးအရ ကျင့်ဝတ်အရ ဖုန်းမသုံးသင့်တဲ့ နေရာမျိုးတွေလည်း ရှိပါသေးတယ်။ ဒီလိုနေရာမျိုးတွေမှာ ဖုန်းသုံးတယ် ဘာဖြစ်လဲ ဆိုတော့ ဘာမှတော့မဖြစ်ပါဘူး။ ဒါပေမယ့် ကျင့်ဝတ်စည်းကမ်းနဲ့အညီ လိုက်နာတဲ့ နိုင်သံကြီးသားတွေအတွက် ဖုန်းမသုံးသင့်တဲ့ နေရာ ငါးနေရာကို ဖော်ပြပေးလိုက်ပါတယ်။

ဆေးရုံမှာ

လူနာအဝင်အထွက်များလှတဲ့ ဆေးရုံလို နေရာမျိုးမှာ ဖုန်းသုံးတာကို နိုင်ငံအတော်များများက လက်သင့်မခံကြပါဘူး။

ရောဂါဝေဒနာခံစားနေရပြီး မသက်မသာ ဖြစ်နေတဲ့ လူနာတွေကြားမှာ လူနာရှင်ကိုယ်က ဖုန်းသုံးနေတာ ဗီဒီယိုကြည့်ရင်း တခိခိရယ်နေတာမျိုးက ပတ်ဝန်းကျင်ကလူတွေကို စိတ်အနှောင့်အယှက် ဖြစ်စေပါတယ်။

 

စာကြည့်တိုက်မှာ

ရန်ကုန်မှာတော့ စာကြည့်တိုက်သီးသန့်ရယ်လို့ သိပ်မရှိသေးပါဘူး။ စာအုပ်ဆိုင်တို့ စာကြည့်တိုက်တို့ဟာ တိတ်ဆိတ်ငြိမ်သက်နေရမယ့် နေရာမျိုးတွေဖြစ်ပါတယ်။ သင့်ကြောင့် တခြားသူအနှောင့်အယှက်မဖြစ်အောင် ဖုန်းမသုံးဖို့ သတိထားရပါမယ်။

ရုပ်ရှင်ရုံမှာ

ရုပ်ရှင်ကြည့်ရင်း သင့်ရှေ့က သင့်ဘေးက လင်းထိန်နေတဲ့ ဖုန်းမျက်နှာပြင်ကို သင်လည်း မုန်းမိမှာပါ။ ရုပ်ရှင်ကြည့်တာမှာ တခြားနေရာက အလင်းရောင်က သင့်ကို ကသိကအောက် ဖြစ်စေမှာ အမှန်ပါပဲ။ အဲ့ဒီတော့ သင်ရုပ်ရှင်ကြည့်နေရင်လည်း ရုပ်ရှင်ပြီးမှ ဖုန်းသုံးသင့်ပါတယ်။

ကားပေါ်မှာ

လူတိုင်းဟာ အချိန်နဲ့တပြေးညီ အလုပ်လုပ်နေရလို့ ဆက်သွယ်ဖို့ ဖုန်းတွေဟာလည်း အချိန်မရွေး ထမြည်နိုင်ပါတယ်။ကားပေါ်မှာ အသံအကျယ်ကြီးရဲ့ ဖုန်းပြောသူတွေ မြင်ဖူးကြမှာပါ။ ဘတ်စ်ကားပေါ်မှာ ကျယ်လောင်လှတဲ့ သင့်ရဲ့အသံက တခြားသူတွေရဲ့ လှပတဲ့မနက်ခင်းလေးကို ဖျက်ဆီးမိနိုင်ပါတယ်။ သင့်ရဲ့ လူမှုရေးပြဿနာတွေ ညနေပိုင်းအစည်းအဝေးနဲ့ အကြွေးတောင်းနေတဲ့ အကြောင်းအရာတွေကို တခြားသူတွေ နားမထောင်ချင်ဘူးဆိုတာ သတိပြုပါ။ မဖြစ်မနေပြောရရင်လည်း ကိုယ်ကြားနိုင်ရုံလောက်ပဲ ပြောသင့်ပါတယ်။

အလုပ်အင်တာဗျူးမှာ

ဘယ်ဖုန်း အဝင်ကော ကမှ ဘဝအတွက်အရေးကြီးတဲ့ အလုပ်တစ်ခုလောက် အရေးမပါပါဘူး။ သေရေးရှင်ရေး အရေးကြီးတယ်ဆိုရင်တောင် အင်တာဗျူး ဖြေနေချိန် ၁၅ မိနစ်ခန့်စာကို ဖုန်းကို ပိတ်ထားပေးပါ။ ဖုန်းလာလို့ ကိုင်လိုက်မယ်ဆိုရင် အင်တာဗျူးစစ်တဲ့သူတွေက သင့်အပေါ် ယုံကြည်ချက်လျော့သွားပါလိမ့်မယ်။