Razer ဆိုတာကတော့ ကွန်ပြူတာ လောကမှာ သူရဲ့ ဂိမ်းမင်း Laptop တွေ၊ ဂိမ်းမင်း Accessories တွေကြောင့် နာမည် တစ်လုံးနဲ့ ရပ်တည် နေနိုင်တဲ့ နာမည်ကြီး Gaming Compay တစ်ခုပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကွန်ပြူတာ လောက အပြင်ဘက် စမတ်ဖုန်း လောကမှာပါ ဈေးကွက် ချဲ့ထွင်ရန် အတွက် ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၀၁၇ က ဂိမ်းမင်း စမတ်ဖုန်း Razer Phone ကို မိတ်ဆက် ပေးခဲ့ပါတယ်။

အခုအခါမှာလည်း Razer Phone ရဲ့ မျိုးဆက်သစ် မော်ဒယ်သစ် Razer Phone 2 ကို ၂၀၁၈ နှစ်ကုန်ပိုင်းမှာ ထပ်မံ မိတ်ဆက် သွားဖို့ ကြံရွယ်နေတယ်လို့ ကောလာဟလတွေ ထွက်ပေါ်နေပါတယ်။ Razer ကုမ္ပဏီရဲ့ Global Vice President Chen Xiaopin ရဲ့ ပြောကြားချက်များ အရ Razer Phone 2 ကို ယခုနှစ် နှစ်ကုန်ပိုင်းလောက်မှာ တရုတ်နိုင်ငံမှာ မိတ်ဆက်သွားဖွယ် ရှိပါတယ်။

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှာ ကျင်းပနေတဲ့ ChinaJoy 2018 Tech Expo မှာ Chen အနေနဲ့ Qualcomm Chipset အသုံးပြုထားတဲ့ Razer Device တစ်ခု ကို ၂၀၁၈ နှစ်ကုန်ပိုင်းမှာ မြင်တွေ့ရမှာ ဖြစ်ကြောင်း အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။ ဘာ Device အမျိုးအစားလဲ ဆိုတာ အတိအကျ ပြောကြားခဲ့ခြင်း မရှိပေမယ့် ကျွမ်းကျင်ပညာရှင်များကတော့ Razer Phone 2 ဖြစ်နိုင်တယ်လို့ ခန့်မှန်း ထားကြပါတယ်။

လက်ရှိ အချိန် ဈေးကွက်ထဲမှာ ရောင်းချနေတဲ့ Flagship စမတ်ဖုန်း တော်တော်များများမှာ Qualcomm ရဲ့ Snapdragon 845 SoC ကို အသုံးပြုထားတာကြောင့် Razer Phone 2 မှာ Snapdragon 845 SoC ကို အသုံးပြုလာနိုင်ပါတယ်။

လက်ရှိအချိန်မှာ စမတ်ဖုန်း ကုမ္ပဏီကြီးတွေ ဖြစ်တဲ့ Xiaomi၊ ZTE၊ ASUS၊ Honor တို့ရဲ့ ဂိမ်းမင်း စမတ်ဖုန်းတွေ ဖြစ်တဲ့ Black Shark, Nubia Red Magic, ASUS ROG Phone, Honor Play, Honor Note 10 တို့ဟာ ဈေးကွက် အတွင်းမှာ ရေပန်းစားနေတဲ့ ဂိမ်းမင်း စမတ်ဖုန်းတွေ အဖြစ် ရပ်တည်နေပါတယ်။

Razer Phone ပထမ မျိုးဆက်ကို မိတ်ဆက် ပေးခဲ့စဉ် အချိန်တုန်းက တရုတ်နိုင်ငံမှာ မိတ်ဆက် ပေးခဲ့ခြင်း မရှိပါဘူး။ ဒါပေမယ့်လည်း လက်ရှိ အချိန်မှာ တရုတ်နိုင်ငံထုတ် ဂိမ်းမင်း စမတ်ဖုန်းတွေ ခေတ်စားနေတာကြောင့် Razer အနေနဲ့ အဲဒီ ဂိမ်းမင်း စမတ်ဖုန်းတွေ နဲ့ ထိပ်တိုက် ယှဉ်ပြိုင်ရန် အတွက် Razer Phone 2 ကို တရုတ်နိုင်ငံမှာပါ မိတ်ဆက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

REF: Gizmo China