ဂိမ်မာတွေအတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားတဲ့ Flagship စမတ်ဖုန်း တစ်လုံးနဲ့ အတူ စမတ်ဖုန်း လောကထဲကို ဝင်ရောက်လာခဲ့တဲ့ Razer ဟာ အခုအခါမှာလည်း Razer Phone ထည့်သွင်း အသုံးပြုလို့ရမယ့် Project Linda လို့အမည်ရတဲ့ ရှေ့ပြေးမော်ဒယ် Laptop Dock ကို ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ကျင်းပသွားခဲ့တဲ့ CES 2018 မှာ ထပ်မံ မိတ်ဆက် ပေးခဲ့ပါတယ်။

Project Linda လို့ အမည်ရတဲ့ Laptop Dock ဟာအရင်တုန်းက ထွက်ရှိဘူးတဲ့ Docking Station တွေဖြစ်တဲ့ Motorola Atrix, Samsung Dex Dock တို့နဲ့ ကွာခြားချက် အနည်းငယ် ရှိနေပါတယ်။ Project Linda Laptop Dock ဟာ အခြား Docking Station တွေလို ဖုန်းကို သီးသန့် ချိတ်ဆက်စရာ လိုအပ်မှာမဟုတ်ပဲ ပုံမှန် Laptop တွေရဲ့ Trackpad နေရာမှာ ဖုန်းကို ထည့်သွင်းပြီး အသုံးပြုရမှာပဲ ဖြစ်ပါတယ်။

Project Linda Laptop Dock ရဲ့ Trackpad နေရာမှာ Razer ဖုန်းကို ထည့်လိုက်မယ်။ ပြီးရင် Keyboard အပေါ်ဘက်နားက Docking Button ကို နှိပ်လိုက်မယ်ဆိုရင် USB Type C Connector တစ်ခုထွက်လာပြီး ဖုန်းရဲ့ USB Type-C Port ထဲကို ဝင်သွားမှာဖြစ်ပြီး Power ဖွင့်ပြီးတာနဲ့ Project Linda Laptop Dock ကို Phone တစ်လုံးလို စတင်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒ့ါအပြင် Razer ဖုန်းနဲ့ Laptop Dock ချိတ်ဆက်မိတဲ့အချိန်ကစပြီး ဖုန်းအားဝင်နေမှာ ဖြစ်တဲ့အတွက် ဖုန်းအားကုန်သွားမှာ ကိုလည်း စိတ်ပူစရာမလိုတော့ပါဘူး။

Project Linda Laptop Dock မှာ Power Button တော့ပါဝင်မှာမဟုတ်ပါဘူး။ Razer ဖုန်းရဲ့ Finger Print Sensor ပါတဲ့ Power Button ကနေတစ်ဆင့် Project Linda Laptop Dock ကို ပါဝါ အဖွင့်အပိတ် လုပ်နိုင်မှာပဲ ဖြစ်ပါတယ်။ Laptop Dock ရဲ့ ဖုန်း အထည့်အသွင်းလုပ်တဲ့ နေရာမှာ Notch ထည့်ပေးထား တဲ့အတွက် Power အဖွင့်အပိတ်ရော ဖုန်း အထည့်အသွင်းရော အဆင်ပြေပြေ လုပ်ဆောင်နိုင်မှာပဲ ဖြစ်ပါတယ်။ Project Linda Laptop Dock မှာ စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်ကတော့ Phone ရဲ့ Screen ကို Trackpad အနေနဲ့ အသုံးပြုနိုင်မှာပါပဲ။

Project Linda Laptop Dock မှာ ၁၃.၃ လက်မ QHD Display ကို အသုံးပြုထားတယ်။ 720p Webcam တစ်ခုပါဝင်တယ်။ Dual-Array Mic တစ်ခုပါဝင်တယ်။ ဒါ့အပြင် Razer ဖုန်းမှာတောင် မပါတဲ့ 3.5mm Audio Jack တစ်ခု ပါဝင်မှာပဲ ဖြစ်ပါတယ်။
Project Linda Laptop Dock ကို Razer Phone ကနေတစ်ဆင့် စေခိုင်းမှာဖြစ်တဲ့အတွက် Processor တို့ Ram တို့တော့ ပါဝင်မှာမဟုတ်ပါဘူး။ Speaker လည်း ပါဝင်မှာမဟုတ်ပါဘူး။ Razer Phone မှာ ပါဝင်တဲ့ Speaker ကနေတစ်ဆင့် အသံထုတ်လွှင့်ပေးသွားမှာပဲ ဖြစ်ပါတယ်။ Storage Space 200GB နဲ့ 53.6Wh Battery သာ Laptop Dock အတွင်းပိုင်းမှာ ပါဝင်မှာ ဖြစ်ပါတယ်။ 53.6Wh Battery ဟာဆိုရင် Razer Phone ကို သုံးကြိမ် အားအပြည့် သွင်းပေးနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

Keyboard အတွက် Razer ရဲ့ Backlit Chroma Keyboard ကိုအသုံးပြု ပေးထားပါတယ်။ Connectivity ပိုင်းအတွက် USB Type C 1 Port နဲ့ USB 3.0 1 Port ပါဝင်မှာပဲ ဖြစ်ပါတယ်။ USB 3.0 Port ပါဝင်တဲ့အတွက် ဂိမ်းဆော့တဲ့အခါမှာ Touchpad မသုံးချင်ဘူးဆိုရင် Mouse သုံးပြီး ဆော့နိုင်မှာ ဖြစ်ပါတယ်။ Project Linda Laptop Dock မှာ ဖုန်းချိတ်ဆက်ထားတဲ့ အချိန်မှာတောင် 1.25 ကီလိုဂရမ်သာ အလေးချိန် ရှိတာကြောင့် တော်တော်ပေါ့တဲ့ Laptop Dock တစ်လုံး အဖြစ် သတ်မှတ်နိုင်မှာပဲ ဖြစ်ပါတယ်။

CES 2018 မှာပြသခဲ့တဲ Project Linda Laptop Dock ဟာတော်တော်ကြီးကို ပြီးပြည့်စုံတဲ့ Laptop Dock တစ်ခုဖြစ်ပေမယ့်လည်း Razer ကတော့ ရှေ့ပြေးမော်ဒယ်တစ်ခုသာဖြစ်ပြီး လိုအပ်ချက်တွေ ရှိနေသေးတယ်လို့ ပြောကြားသွားခဲ့ပါတယ်။ Second Screen အနေနဲ့ အသုံးပြုတဲ့ နေရာမှာ Error တွေရှိနေသေးသလို Palm-Rejection နည်းပညာပိုင်းကိုလည်း ပိုမိုကောင်းမွန်အောင် ပြုလုပ်ရအုံးမယ် လို့ Razer ကပြောကြားသွားခဲ့ပါတယ်။

ဒါ့အပြင် Razer အနေနဲ့ Project Linda ရဲ့ Screen ကို ဖုန်းရဲ့ Screen လို HDR Support 120Hz QHD Touchscreen အဖြစ် ထုတ်လုပ်နိုင်ရန် ကြိုးစားနေတယ်လို့ လည်း သိရပါတယ်။ Project Linda Laptop Dock ရဲ့ Screen ကို Razer ဖုန်း Screen လို ထုတ်လုပ် နိုင်ခဲ့မယ်ဆိုရင် ၁၃.၃ လက်မ Display တွေထဲမှာ ပထမဆုံး HDR Support 120Hz QHD Touchscreen ဖြစ်လာမှာပဲ ဖြစ်ပါတယ်။

အခုအချိန်မှာတော့ Project Linda Laptop Dock ဟာ ရှေ့ပြေးမော်ဒယ်သာ ဖြစ်သေးတာကြောင့် Final Product အနေနဲ့ ဘယ်အချိန်မှာ ဈေးကွက်ထဲကို ဖြန့်ချီလာမယ်ဆိုတာကို ဆက်လက် စောင့်ကြည့်ရအုံးမှာပဲ ဖြစ်ပါတယ်။

REF: The Verge