Samsung ဟာ လက်ရှိအချိန်မှာ ခေါက်ချိုးနိုင်တဲ့ စမတ်ဖုန်းထုတ်လုပ်ဖို့ ပြုလုပ်နေတယ်ဆိုတာက ကျိန်းသေနေပြီဖြစ်ပြီးတော့ လက်ရှိသိရတဲ့သတင်းတွေအရတော့ နောက်နှစ် ဖေဖော်ဝါရီလမှာ ပြုလုပ်သွားမယ့် Mobile World Congress 2018 မှာ ပြသသွားမယ်လို့တောင် သိရပါတယ်။

ဒါပေမယ့် အခုလိုမျိုး ခေါက်နိုင်တဲ့ စမတ်ဖုန်းတွေက အခုအချိန်မှ စတင်မှာဖြစ်တဲ့အတွက် ဈေးနှုန်းကတော့ သေးတဲ့ပုံမပေါ်ပါဘူး။ ဘာဖြစ်လို့လဲဆိုရင် ဈေးကွက်သုံးသပ်သူတွေရဲ့ ပြောကြားချက်အရ Samsung ရဲ့ ပထမဆုံးထွက်ရှိလာတဲ့ ခေါက်နိုင်တဲ့ စမတ်ဖုန်းက ဒေါ်လာ ၁၈၅၀ လောက်အနည်းဆုံးရှိနိုင်တယ်လို့ သိရပါတယ်။

အဲ့ဒီဈေးက လက်ရှိ iPhone X ထက်တောင် ၂ ဆလောက်ဈေးပိုကြီးနေတာဖြစ်ပြီးတော့ အခုလိုမျိုး ဈေးကြီးရတာကလည်း ထုတ်လုပ်မှုအပိုင်းမှာ ခက်ခဲတာနဲ့ အရေအတွက်ကို ၃ သိန်း နဲ့ ၅သိန်း ကြားပဲ ထုတ်နိုင်မှာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။

အခု Samsung ရဲ့ ခေါက်နိုင်တဲ့ စမတ်ဖုန်းက ဖြန့်လိုက်တဲ့အချိန်မှာ 7.3″ ရှိမှာဖြစ်ပြီးတော့ ခေါက်ထားတဲ့အချိန်မှာ 4.5″ Display အနေနဲ့ပဲရှိမယ်လို့ သိရပါတယ်။ အခု ဖုန်းက Samsung Galaxy S10 ဖြစ်လာမှာတော့ မဟုတ်ပဲ Galaxy X ဆိုပြီး ထွက်လာဖို့များပါတယ်။