Samsung ကနေ ထုတ်လုပ်တဲ့စမတ်ဖုန်းတွေဟာ များသောအားဖြင့် Android Update ပိုင်းမှာ နောက်ကျတဲ့အတွက် နာမည်ကြီးနေတဲ့စမတ်ဖုန်းတွေဖြစ်ပါတယ်။ လက်ရှိအချိန်မှာ တခြားသော Android ဖုန်းထုတ်လုပ်သူတွေဖြစ်နေတဲ့ Sony ၊ Nokia ၊ OnePlus လို ကုမ္ပဏီတွေက Android Update ကို လျှင်လျှင်မြန်မြန်ဆောင်ရွက်နေတဲ့အတွက် Samsung အတွက်ပိုပြီးတောင် အားနည်းချက်ဖြစ်လာပြန်ပါတယ်။

ဒါပေမယ့် ဖြစ်နိုင်တာတစ်ခုက အခုလိုမျိုး Samsung ဖုန်းတွေက Android Update နှေးတယ်ဆိုတာက အတိတ်မှာကျန်ခဲ့ပြီလို့ ပြောလို့ရပြီလားဆိုတာက မေးခွန်းထုတ်စရာတစ်ခုဖြစ်လာပါတယ်။ ဘာကြောင့်လဲဆိုရင် Samsung ရဲ့ နောက်ဆုံးထွက်ထားတဲ့ Galaxy Note 9 ဖုန်းမှာ Android 9.0 Pie တစ်ခါတည်း ပါဝင်ခြင်းမရှိခဲ့ပေမယ့် Galaxy S9+ က Android Pie Update ရတော့မှာဖြစ်ပါတယ်။

အခုလိုမျိုး သတင်းထွက်ပေါ်လာတာကတော့ Benchmarking Website တစ်ခုဖြစ်တဲ့ GFXBenchmark မှာ Samsung Galaxy S9+ ဖုန်းတစ်လုံးက Android 9.0 Pie နဲ့ တွေ့ရခဲ့လို့ပဲဖြစ်ပါတယ်။ ပိုပြီး သေချာသွားစေတာက Android Version 9.0 ကို အသုံးပြုထားတဲ့ အပြင် Invalid Android Samsung-ss Edition လို့ ဖော်ပြထားတဲ့အတွက် Samsung က သူရဲ့ Samsung Experience UI အသစ်ကို Android 9.0 Pie နဲ့အတူ ဆောင်ရွက်နေတယ်လို့တောင် ပြောလို့ရပါတယ်။

Samsung ဟာ ပုံမှန်အားဖြင့် Flagship Devices တွေအတွက် Android Update ထုတ်ပေးတဲ့အချိန်မှာ Beta Version တွေ ၄ခု၊ ၅ ခုလောက်အထိ အရင်ထုတ်ပေးပြီးမှ Stable ထုတ်ပေးလေ့ရှိတဲ့အတွက် အခုအချိန်မှာ Samsung Galaxy S9 ဖုန်းတွေ Android Pie Update ရမယ်ဆိုတာကို ပြောဖို့ခက်နေပါသေးတယ်။