Samsung ကနေ Galaxy Gear Smartwatch တွေကို ထုတ်လုပ်နေတာ အခုဆိုရင် အချိန်တစ်ခုအထိရှိသွားပြီပဲဖြစ်ပါတယ်။ အခုအချိန်မှာတော့ Samsung ကနေ နောက်လာမယ့် Smartwatch ကို Galaxy Gear အစား Samsung Galaxy Watch လို့ပဲ နာမည်ပေးသွားတော့မှာဖြစ်ပြီး မကြာခင်မှာ အဆိုပါ Samsung Galaxy Watch ကို မြင်ရတော့မှာပဲဖြစ်ပါတယ်။

Samsung ဟာ နောက်ဆုံးအနေနဲ့ Samsung Galaxy Gear S3 Smartwatch ကို ထုတ်လုပ်ထားခဲ့တာဖြစ်ပြီးတော့ အခုက ပုံမှန်အတိုင်းဆိုရင် Samsung Galaxy Gear S4 Smartwatch ကို ထုတ်လုပ်ရမှာပဲဖြစ်ပါတယ်။ ဒါပေမယ့် Samsung အနေနဲ့ Gear ဆိုတဲ့ နာမည်ကို အသုံးပြုတော့မှာမဟုတ်ပဲ Samsung Galaxy Watch လို့ပဲ ခေါ်ဆိုသွားမယ်ဆိုတာကို ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက အတည်ပြုခဲ့ပြီးတော့ အခုအချိန်မှာတော့ အဆိုပါ Galaxy Watch Smartwatch အသစ်ကို ထုတ်ပြမယ့် အချိန်ကိုလည်း အတည်ပြုလိုက်ပြီပဲဖြစ်ပါတယ်။

အခုသတင်းတွေအရတော့ Samsung ဟာ Galaxy Watch Smartwatch ကို လာမယ့် သြဂုတ်လကုန်နဲ့ စက်တင်ဘာလဆန်းပိုင်းမှာ စပိန်နိုင်ငံမှာ နှစ်စဉ်ကျင်းပနေကြ နည်းပညာပြပွဲတစ်ခုဖြစ်တဲ့ IFA 2018 မှာ တရားဝင်ပြသသွားမယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် ယခင်ကလိုမျိုး Samsung Galaxy Note 9 စမတ်ဖုန်းနဲ့ အတူ ပြသသွားမယ်ဆိုတဲ့သတင်းက မှားယွင်းသွားတယ်လို့ ပြောလို့ရပြီး Galaxy Note 9 စမတ်ဖုန်းကို လာမယ့် သြဂုတ်လ ပထမပတ်မှာ အရင်မြင်ရတော့မှာပါ။

Samsung ဟာ ယခင်တုန်းက အခု Galaxy Watch မှာ Samsung ရဲ့ ကိုယ်ပိုင် Tizen OS အစား Google ရဲ့ Android Wear OS ကို အသုံးပြုလာမယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့်လည်း အခု Teaser ဓါတ်ပုံအရတော့ Tizen OS ကိုပဲ ဆက်လက်အသုံးပြုလာဦးမယ့်ပုံပါပဲ။ ဒါကလည်း Tizen OS ဟာ Samsung က ကိုယ်တိုင်အခုလို Smartwatch တွေအတွက် တီထွင်ထားတဲ့နည်းပညာတစ်ခုဖြစ်တဲ့အတွက် Google ရဲ့ Android Wear OS ကို အသုံးမပြုချင်တာကြောင့်ဖြစ်မယ်လို့ ယူဆရပါတယ်။

Samsung ဟာ အခု Galaxy Smartwatch ကို LTE ထည့်သွင်းလာမလားဆိုတာကလည်း မေးခွန်းတစ်ခုဖြစ်နေပြီးတော့ အဓိကအနေနဲ့ လက်ရှိ Smartwatch တွေထဲမှာ အကောင်းဆုံးဖြစ်နေတဲ့ Apple Watch နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါ IFA 2018 ပွဲမှာလည်း LG ကနေ Google ရဲ့ Android Wear OS အသုံးပြုထားတဲ့ Smartwatch ၂ ခုကို ထုတ်လုပ်သွားဦးမယ်ဆိုတော့ Smartwatch တွေရဲ့ယှဉ်ပြိုင်မှုက ပြင်းထန်လာဦးမှာပါ။