ကျွန်တော်တို့ Mobile ဖုန်းတစ်လုံးကို ဝယ်ယူတော့မယ်ဆိုရင် ဖုန်းမှာ ပါဝင်တဲ့ Octa Core, Quad Core အစရှိတဲ့ CPU တွေ၊ Snapdragon, Mediatek MTK စတဲ့ CPU Maker တွေ… အသုံးပြုထားတဲ့ LCD, AMOLED Display တွေ၊ Android Version တွေ Root လုပ်တာတွေက ဖုန်းအကောင်းနားမလည်တဲ့သူတွေအတွက်တော့ ခေါင်းရှုပ်စရာပါ။ အခုမှဖုန်းအကြောင်းလေ့လာမယ့်သူတွေအတွက် Mobile Phone တစ်လုံးမှာပါဝင်တဲ့ သိထားသင့်တဲ့ အခြေခံ အချက်အချို့ကို ရှင်းပြပေးချင်ပါတယ်။

Central Processing Unit (CPU)

CPU ဆိုတာကတော့ ဖုန်းတစ်လုံး၏ စွမ်းဆောင်ရည်ကို အဓိကခိုင်းစေထိန်းချူပ်ပေးနိုင်သော လူ့ဦးနှောက်နှင့် တူညီသော အရေးပါသော Chipset တစ်ခုလို့ပြောလို့ရပြီး များသောအားဖြင့် RAM, Memory Storage ပါဝင်တဲ့ Main Motherboard မှာ အသေတပ်ဆင်ထားတာဖြစ်ပါတယ်။
အဓိကအနေနဲ့ CPU Chipset manufacturer ၂ မျိုးရှိပြီး ထိုင်ဝမ်နိုင်ငံအခြေစိုက် Mediatek Company နှင့် အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ်အခြေစိုက် Qualcomm Snapdragon Company တို့ပဲဖြစ်ပါတယ်။ အခြားအနေနဲ့ကတော့ Samsung က သူ့ရဲ့ ကိုယ်ပိုင်ဖုန်းတွေအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ Exynos CPU ကို အသုံးပြုလေ့ရှိပြီးတော့ Huawei ကလည်း Hisilicon နာမည်နဲ့ CPU ကို ထုတ်လုပ်အသုံးပြုလျက်ရှိပါတယ်။

Mediatek Company သည် 1997 မှစတင်တည်ထောင်ခဲ့သော Company ဖြစ်ပြီး CPU Model များကို MT ဖြင့်စ၍ နံပါတ်လေးလုံးပါဝင်သော Codename ဖြင့်သတ်မှတ်ပြီး နံပါတ်အနိမ့်အမြင့်ကိုကြည့်၍ Series ခွဲခြားလို့ရပါတယ်။ အခုနောက်ပိုင်း Codename ကို နံပါတ်အပြင် Helio P Series (Midrange Series) နဲ့ Helio X Series (Highend Series) ဆိုပြီးပြောင်းလဲထုတ်လုပ်လျက်ရှိပါတယ်။ (E.g MT6797 = Helio X20, MT 6797T = Helio X25, MT6757 = Helio P20)

GPU အနေဖြင့် Mali (သို့) PowerVR GPU အသုံးပြုလေ့ရှိပြီး GPU မပါဝင်သော Model များလည်းရှိသည်။

Qualcomm Snapdragon Company သည် 2007 မှစတင်တည်ထောင်ခဲ့သော Company ဖြစ်ပြီး CPU Models များအနေဖြင့် 200 Series (Low-End), 400 Series (Midrange), 600 Series (Advanced Midrange) နှင့် 800 Series ( High-end) ဟူ၍လေးမျိုးထုတ်လုပ်သည်။ ပုံမှန်အားဖြင့် နံပါတ်ပိုကြီးလေ Performance ပိုကောင်းလေဖြစ်သည်။ ဥပမာ SD 821 က SD 650 ထက်ပိုကြီးတဲ့အတွက် Performance ပိုကောင်းတယ်လို့ သတ်မှတ်လို့ရပါတယ်။ (E.g. SD 210,435,625,835)

GPU အနေဖြင့် Adreno GPU ကိုသာအသုံးပြုထားပြီး 300 Series, 400 Series, 500 Series ဟူ၍ Models ကွဲပြားသွားသည်။ GPU Series မှာလည်း CPU နည်းတူ နံပါတ်ပိုကြီးလေ စွမ်းဆောင်ရည်ပိုကောင်းလေဖြစ်သည်။
ကွာခြားချက်အနေဖြင့် Snapdragon သည် နည်းပညာ Features အသစ်များပြားခြင်း၊ Global ဈေးကွက်တွင်ပိုမိုနာမည်ရခြင်း၊ Quality နှင့် စွမ်းဆောင်ရည်ကောင်းမွန်ခြင်းတို့ကြောင့် ပိုပြီးအောင်မြင်တယ်လို့ ပြောလို့ရပါတယ်။

Mediatek သည် တရုတ်ပြည်ဈေးကွက်ရရှိထားခြင်း၊ ဈေးသက်သာသောကြောင့် Budget phones အများစုနှင့် အချို့ အမြင့်ပိုင်းဖုန်းများအထိအသုံးပြုသောကြောင့် ဈေးကွက်ကျယ်ပြန့်ခြင်း၊ Qualcomm Snapdragon နှင့်ယှဉ်လျှင် Features နှင့် စွမ်းဆောင်ရည်အနည်းငယ် နိမ့်သောကြောင့် Global High-End Phones များတွင်အသုံးပြုမှုပိုနည်းတယ်လို့ သတ်မှတ်လို့ရပါတယ်။

Random Access Memory (RAM)

Random Access Memory (RAM) သည် CPU ၏ခိုင်းစေချက်များကို ယာယီသိုလှောင်ပေးသော မှတ်ညဏ်တမျိုးဖြစ်ပြီး Unit ကို Storage ၏ Unit ( MB – Megabyte, GB – Gigabyte) ဖြင့်ဖော်ပြသည်။ ကိုယ်ကလုပ်ဆောင်နေတဲ့ Application tasks တွေကို RAM ပေါ်မှာပဲ ခတ္တသိုလှောင်ပြီး ဆောင်ရွက်တာဖြစ်တဲ့အတွက် RAM ပမာဏ ပိုများတာက ဖုန်းရဲ့ စွမ်းဆောင်ရည်ကို ပိုပြီးတက်လာစေပါတယ်။
CPU 32Bit architecture တွင် RAM ကို 4GB ထက်ကျော်လွန်အသုံးပြု၍ မရပဲ 64Bit Architecture CPU တွင်သာ RAM 4GB နှင့်အထက်ကို Support ပြုလုပ်ပေးနိုင်သည်။ ဒါပေမယ့် 2016 ကစပြီးထွက်ရှိတဲ့ CPU အကုန်လုံးနီးပါးက 64Bit Architecture ကို ပြောင်းလဲအသုံးပြုလာကြပါပြီ။

Display Types

Thin Film Transistor Liquid Crystal Display (TFT LCD)

LCD အမျိုးအစားတစ်မျိုးဖြစ်ပြီး ပထမဦးဆုံးပေါ်ခဲ့သော LCD panel များနှင့် ယှဉ်လျှင် Image quality ပိုမိုကောင်းမွန်ပြီး Resolution အမြင့်ပိုင်းများကိုပါအထောက်အပံ့ပေးနိုင်တဲ့ LCD အမျိုးအစားတစ်ခုဖြစ်ပါတယ်။
ထုတ်လုပ်မှုစရိတ်နည်းပါးသဖြင့် ဈေးသက်သာသော Budget Phone များတွင်အသုံးများတဲ့ အမျိုးအစားဖြစ်ပါတယ်။
အားနည်းချက်အနေဖြင့် Power စားသုံးမှုများပြားသဖြင့် Battery ကြာရှည်မခံခြင်း၊ ဘေးတစောင်းအနေအထားကနေ ကြည့်ရှုနိုင်တဲ့ Viewing Angle နည်းပါးခြင်း၊ နေရောင်အောက်တွင်ကြည့်ရှုရန် အဆင်မပြေခြင်းတို့ကြောင့် အသုံးပြုမှုနည်းပါးလာသည်။

In-Plane Switching Liquid Crystal Display (IPS LCD)

TFT LCD နောက်ပိုင်းပေါ်ထွက်လာသော နည်းပညာဖြစ်ပြီးတော့ သူရဲ့ အလုပ်လုပ်ပုံက Backlight ရရှိမှုပေါ်မှုတည်၍ Liquid Crystal Module များ၏နေရာအနေအထားကိုပြောင်းလဲပေးနိုင်တာဖြစ်ပါတယ်။
အဲ့လိုပြောင်းလဲပေးနိုင်တဲ့အတွက် နေရောင်အောက်တွင်ကြည့်ရှုနိုင်စွမ်းပိုမိုမြင့်မားလာပြီး Viewing Angle ကို 178° မှအထိကြည့်ရှုနိုင်သည်။
TFT LCD ထက်ထုတ်လုပ်စရိတ်မြင့်သော်လည်း Power စားသုံးမှုနည်းပါးသဖြင့် အသုံးပြုမှုများပြားလာတဲ့ Display အမျိုးအစားဖြစ်ပါတယ်။

Organic Light Emitting Diode Display (OLED Display)

OLED နည်းပညာကတော့ LCD နှင့်အလုပ်လုပ်ပုံမတူညီတော့ပဲ Display ရှိ Carbon based Organic LED (Light Emitting Diode) များအားတိုက်ရိုက် အလင်းပေးခြင်းဖြင့်အလုပ်လုပ်တာပဲဖြစ်ပါတယ်။
ထိုသို့တိုက်ရိုက်အလင်းပေးသောကြောင့် Brightness ပိုမိုမြင့်မားခြင်း၊ အနက်ရောင်ကို အလင်းမပေးတဲ့အတွက် True Black Color ကို ပေးစွမ်းနိုင်ပြီး LCD နှင့်ယှဉ်လျှင် Power စားသုံးမှုနည်းပါးသဖြင့် Battery ပိုမို၍ကြာရှည်ခံနိုင်သည်။
ထို့ပြင် Color Reproduction အလွန်ကောင်းမွန်ခြင်း၊ Viewing Angle ကျယ်ပြန့်ခြင်း၊ ပေါ့ပါးပြီး ကွေးညွတ်မှုကိုခံနိုင်ရည်ရှိခြင်း၊ Response Time မြန်ဆန်ခြင်း၊ ထုတ်လုပ်ရန်လွယ်ကူခြင်းထို့ကြောင့် အသုံးပြုမှုများပြားလာတဲ့ Display ဖြစ်လာပါတယ်။
လက်ရှိမှာလည်း Plastic OLED (POLED) ဟူ၍ မှန်သားအစား Plastic တွင် Organic LED များကိုထည့်သွင်းထားပြီး ကွေးညွတ်ခေါက်သိမ်းနိုင်သော Display အမျိုးအစားကို LG နှင့် Samsung တို့မှ စမ်းသပ်နေကြပါတယ်။

Active Matrix Organic Light Emitting Diode Display (AMOLED Diplay)

OLED ၏ နောက်တွင်ထွက်ပေါ်လာသော Display အမျိုးအစား ဖြစ်ပြီး OLED ၏ Features အကုန်ပါဝင်ပြီးတော့ များသောအားဖြင့် Samsung ဖုန်းတွေမှာ အသုံးပြုမှုများပြားပါတယ်။
ထူးခြားချက်မှာ AMOLED က Organic LED တစ်ခု (သို့) Pixel တစ်ခုဖြင်းစီကို ထိန်းချုပ်အလင်းပေးပြီး အလုပ်လုပ်တာဖြစ်ပါတယ်။
နောက်ပိုင်းမှာ Super AMOLED နည်းပညာပေါ်ထွက်လာပြီး AMOLED Diplay နှင့်မတူညီပဲ Touch sensor နှင့် Screen ကိုပူးတွဲအသုံးပြုထားပြီး AMOLED ထက် Power စားသုံးမှု၊ Brightness နှင့် နေရောင်အောက်တွင်ကြည့်ရှုနိုင်မှုပိုမိုကောင်းမွန်လာသည်။

Retina Display

Apple CEO Steve Jobs(1955-2011) မှစတင်အသုံးပြုခဲ့သော စံသတ်မှတ်ချက်တစ်ခုဖြစ်သည်။
Display တစ်ခုတွင် Pixels တခုချင်းစီ၏ကွာခြားချက်ကို ပုံမှန်ကြည့်ရှုသောအကွာအဝေးမှ သာမန်မျက်စိဖြင့်မမြင်နိုင်သော အခြေအနေတစ်ခုသို့ ရောက်ရှိသွားခြင်းကိုဆိုလိုသည်။
ဥပမာ-326PPI ရှိသော iPhone 5 သည် သူ၏ Retina Display level သို့ရောက်ရှိရန် 10.5inches အကွာအဝေးမှကြည့်ရှုရမည်ဖြစ်သည်။

Camera

Camera ပိုင်းမှာတော့ ယခင်တုန်းက Megapixels ပိုများတာကပိုကောင်းတယ်လို့ သတ်မှတ်ထားကြပေမယ့် အခုနောက်ပိုင်း ကင်မရာတွေက Megapixels ထက် Sensor Size ကို ပိုအလေးထားပြီးထုတ်လုပ်လာကြတဲ့အတွက် Megapixels နည်းတဲ့ ကင်မရာက Megapixels ပိုများတဲ့ ကင်မရာထက်လည်း ပိုကောင်းနိုင်ပါတယ်။ သိထားသင့်တဲ့အချက်တစ်ခုကတော့ Aperture size ပဲဖြစ်ပါတယ် – ပုံမှန် f No. နဲ့ ဖော်ပြလေ့ရှိပြီး f No. ပိုနည်းတာက အလင်းရောင်နည်းပါးတဲ့ အခြေအနေတွေမှာ ပိုပြီးကောင်းကောင်းရိုက်နိုင်မှာဖြစ်ပါတယ်။ (ဥပမာ – f 1.8 Aperture က f 2.2 Aperture သုံးထားတဲ့ ကင်မရာထက် Low Light ပိုကောင်းမှာဖြစ်ပါတယ်) ဒီနှစ်မှာ Dual Cameras နည်းပညာလည်း ခေတ်စားလာပြီး Portrait ရိုက်ကူးချင်တဲ့သူတွေအတွက် အဆင်ပိုပြေလာပါပြီ။ ဒါပေမယ့် ဒီ Article လေးက အခြေခံအဆင့်ကို ရည်ရွယ်တဲ့အတွက် အသေးစိတ်မရှင်းပြနေတော့ပဲ ကင်မရာပိုင်းကတော့ ကိုယ်တိုင်မစမ်းသပ်ပဲနဲ့ မဆုံးဖြတ်ဖို့ပဲ အကြံပြုလိုက်ပါတယ်။

Rooting

Root ပြုလုပ်ခြင်းသည် Android System တစ်ခု၏ System File များကို ၀င်ရောက်ပြုပြင်ပြောင်းလဲနိုင်ရန်အတွက် Permission ရယူတာလို့ပဲ အလွယ်သတ်မှတ်လို့ရပါတယ်။
များသောအားဖြင့် Root ပြုလုပ်ခြင်းသည် System အတွင်းသို့ မြန်မာစာ (Zawgyi) ထည့်သွင်းဖို့ပဲ ပြုလုပ်တာများပါတယ်။
ဒါပေမယ့် အခုနောက်ပိုင်း ဖုန်းတော်တော်များများမှာ မြန်မာစာ Built-in ပါဝင်လာတဲ့အတွက် မြန်မာစာအတွက်တော့ Root ပြုလုပ်စရာမလိုတော့တာများပါတယ်။

Android Version

Android ဖုန်းတစ်လုံးကို ဝယ်ယူတဲ့အချိန်မှာ အရေးကြီးတဲ့အချက်တစ်ခုကတော့ Android Version ပဲဖြစ်ပါတယ်။ လက်ရှိအချိန်မှာ Android 7.1.1 Nougat ထွက်ရှိနေပြီး အသုံးများတဲ့ Version တွေကတော့ Android 5.0+ Lollipop နဲ့ Android 6.0+ Marshmallow တို့ပဲဖြစ်ပါတယ်။

Android Version ပိုမြှင့်တာက အချို့သော Features တွေအသစ်တိုးလာတာမှန်ပေမယ့် အဲ့ဒါကလည်း ဖုန်းအမျိုးအစားအပေါ်မှုတည်ပါသေးတယ်။ ဥပမာ – မူရင်း Pure Android နဲ့ အများကြီးမကွာခြားတဲ့ Sony နဲ့ One Plus ဖုန်းတွေက Android Version မြှင့်လာတိုင်း Android Version အသစ်ရဲ့ Features တွေကို အသုံးပြုနိုင်ပြီးတော့ Pure Android ကို အများကြီးပြုပြင်ပြောင်းလဲထားတဲ့ Xiaomi, Meizu လိုဖုန်းတွေကြတော့ Android Version အသစ်ရဲ့ Features တွေထက် သူ့ကိုယ်ပိုင် User Interface (UI) တွေဖြစ်တဲ့ MIUI, Flyme တို့ရဲ့ Update တွေမှာပဲ Features အသစ်တွေရရှိတတ်ပါတယ်။

ဘာပဲဖြစ်ဖြစ် အခုအချိန်မှာ ဖုန်းဝယ်ယူတော့မယ်ဆိုရင် အနည်းဆုံးတော့ Android Version 6.0+ လောက်နဲ့ နောက်ပိုင်း Update ရနိုင်တဲ့ ဖုန်းတွေကိုပဲ ဝယ်ယူတာကတော့ ပိုအဆင်မှာဖြစ်ပါတယ်။

အခု Mobile Basic Knowledge Article လေးကနေ အနည်းဆုံးတော့ ဗဟုသုတတစ်ခုခုတော့ ရရှိလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။