အခုခေတ် စမတ်ဖုန်းတိုင်းလိုလိုမှာ Dual Camera တွေကို တပ်ဆင်လာကြပြီပဲဖြစ်ပါတယ်။ ဒါပေမယ့် ကင်မရာ ၂ လုံးပါတာနဲ့ တူညီတဲ့နည်းပညာကို အသုံးပြုထားတာမဟုတ်ပဲ နည်းပညာကွဲလွဲမှုတွေရှိနေမှာဖြစ်ပါတယ်။ အဲ့ဒါဆိုရင် အခုလက်ရှိဖုန်းတွေမှာ Dual Camera ကို ဘယ်လို အသုံးပြုထားတာဖြစ်မလဲဆိုတာကို လေ့လာကြည့်လိုက်ရအောင်လား…

Depth Sensor 

ဒီ Depth Sensor နည်းပညာက Dual Camera အသုံးပြုထားတဲ့ စမတ်ဖုန်းတွေထဲမှာ အရင်ဆုံးအသုံးပြုခဲ့တဲ့ နည်းပညာဖြစ်ပါတယ်။ HTC One M8 ဖုန်းမှာ စတင်တွေ့ရှိခဲ့ရပြီး အခုနောက်ပိုင်း Xiaomi Redmi Pro ဖုန်းနဲ့ Huawei GR5 ဖုန်းတွေမှာလည်း အသုံးပြုလာတာကို တွေ့ရှိရပါတယ်။

အဆိုပါ နည်းပညာက အဓိကအနေနဲ့ Depth of Field Effect ကို အသုံးချနိုင်ဖို့အတွက် အဓိကအသုံးပြုတာဖြစ်ပြီး DSLR ကင်မရာတွေနဲ့ ရိုက်ကူးသလိုမျိုး အရာဝတ္ထုတွေကို နောက်ကွယ်ကို ဝေဝါးပြီး ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီနည်းပညာဟာ လက်ရှိအချိန်မှာ စမတ်ဖုန်းအမြင့်တွေမှာ အသုံးပြုလာတဲ့ နည်းပညာအသစ်တွေနဲ့ ယှဉ်ရင်တော့ အားနည်းချက်များစွာရှိနေတယ်လို့ သတ်မှတ်နိုင်မှာပါ။

Monochrome

Dual Camera ၂ လုံးမှာ တစ်လုံးကို အဖြူ နဲ့ အမည်းပဲ ဖမ်းယူနိုင်တဲ့ Monochrome Sensor ကို အသုံးပြုထားတဲ့ နည်းပညာက မနှစ်ကထွက်ရှိခဲ့တဲ့ Huawei P9 စမတ်ဖုန်းနဲ့အတူ ထင်ရှားလာခဲ့တာဖြစ်ပါတယ်။

အခုနည်းပညာက အဖြူအမည်း Monochrome Sensor နဲ့ အရောင်တွေကို ဖမ်းယူနိုင်တဲ့ RGB Sensor ၂ ခုစလုံးက တစ်ပြိုင်နက်ထဲ ဓါတ်ပုံရိုက်ယူတာဖြစ်ပြီး နောက်ဆုံး ဓါတ်ပုံတစ်ပုံတည်းအဖြစ်ပေါင်းပေးတာဖြစ်ပါတယ်။ အဖြုအမည်း Monochrome Sensor ဟာ Color Exposure တွေနဲ့ Details တွေကို ပိုပြီးဖမ်းယူပေးနိုင်တဲ့အတွက် အဆိုပါနည်းပညာနဲ့ ရိုက်ကူးထားတဲ့ဓါတ်ပုံတွေဟာ အရောင်မှန်ကန်ပြီး တိကျပြတ်သားတဲ့ အသေးစိတ်ပုံတွေကို ရရှိမှာဖြစ်ပါတယ်။

အဲ့ဒီအတွက်လည်း Huawei ကိုယ်တိုင်က နာမည်ကြီး LEICA ကုမ္ပဏီနဲ့ ပူးပေါင်းပြီး အခု Monochrome နည်းပညာနဲ့ပဲဖုန်းတွေကို ဆက်တိုက်ထုတ်လုပ်နေတာဖြစ်ပါတယ်။ အခုစနစ်ရဲ့ နောက်ထပ်အားသာချက်က Black & White ဓါတ်ပုံတွေရိုက်ကူးတဲ့အချိန်မှာ Software နဲ့ ပြန်လည်ပြောင်းလဲထားတာမဟုတ်တဲ့အတွက် အကောင်းဆုံးသော Black & White ပုံတွေကို ရိုက်ကူးနိုင်ဦးမှာပါ။

Wide Angle

Wide Angle နည်းပညာကိုတော့ LG ကနေ သူရဲ့ LG G5 စမတ်ဖုန်းမှာ စတင်အသုံးပြုလာခဲ့တာဖြစ်ပြီး အခုနောက်ဆုံးထွက် LG V30 စမတ်ဖုန်းအထိ ဒီနည်းပညာကိုပဲ တစိုက်မတ်မတ်အသုံးပြုလာခဲ့တာဖြစ်ပါတယ်။ အခြား Wide Angle သုံးထားတဲ့ စမတ်ဖုန်းတွေကိုတော့ ဈေးကွက်ထဲမှာ တွေ့ရခြင်းမရှိသေးပါဘူး။

အခုလိုမျိုး Wide Angle Lens နဲ့ Normal Lens ကို တွဲဖက်တပ်ဆင်ထားတာက စမတ်ဖုန်းကင်မရာကို သီးသန့်အပေါ်ကနေ တပ်ရတဲ့ Wide Angle Lens တွေဝယ်တပ်စရာမလိုအပ်ပဲ ဖုန်းကင်မရာကနေပဲ Wide Angle Shot တွေကို ရိုက်ကူးနိုင်စေတာဖြစ်ပါတယ်။

အမှန်အတိုင်းပြောရရင် ဒီနည်းပညာက Wide ဖြစ်သွားတာကလွဲပြီး အခြားသောအားသာချက်တွေသိပ်မရှိပေမယ့် လူအတော်တော်များများကတော့ ခရီးသွားတဲ့အချိန်တွေမှာ ပိုပြီး လှပတဲ့ ရူခင်းဓါတ်ပုံတွေကို ရိုက်ကူးနိုင်တာနဲ့ လူအစုအဝေး Group Photo ကိုအလွယ်တကူရိုက်ကူးနိုင်တဲ့အတွက် ကြိုက်နှစ်သက်ကြတဲ့နည်းပညာတစ်ခုလည်းဖြစ်ပါသေးတယ်။

Wide Angle Lens ကိုပဲ ထည့်သွင်းနေတဲ့ LG က နောက်ဆုံး V30 စမတ်ဖုန်းမှာဆိုရင် ကြီးမားတဲ့ f1.6 Aperture, Glass Lens တွေအပြင် ဗီဒီယိုရိုက်ကူးတဲ့သူတွေအတွက် အကောင်းဆုံး Feature တွေဖြစ်တဲ့ Point Zoom, Cine Log, Manual Control တွေကို ထည့်သွင်းလာတဲ့အတွက် Smartphone Video ရိုက်ကူးမှုတွေကို အကောင်းဆုံးရိုက်ကူးနိုင်မယ့်ဖုန်းလို့ ပြောလို့ရပါတယ်။

Telephoto

အခုနည်းကတော့ လက်ရှိ စမတ်ဖုန်းတွေအကုန်လုံးလိုလိုမှာ အသုံးပြုလာတဲ့ နည်းပညာတစ်ခုဖြစ်ပြီး Apple iPhone 7 Plus ဖုန်းက စတင်ခဲ့တယ်လို့တောင်ပြောလို့ရပါတယ်။ အခုအချိန်မှာတော့ Samsung Galaxy Note 8, Xiaomi ဖုန်းတွေနဲ့ အခြားဖုန်းတွေအကုန်လုံးက တူညီတဲ့နည်းပညာကို အသုံးပြုလာကြပြီပဲဖြစ်ပါတယ်။

ဒီနည်းပညာရဲ့ အားသာချက်ကတော့ Portrait Mode လို့ လူသိများတဲ့ နောက်ခံ Background ကို ဝါးအောင်ပြုလုပ်ပြီး ရိုက်ကူးနိုင်စေသလို Digital Zoom လိုမျိုး ပုံရဲ့အရည်အသွေးကို မကျသွားစေပဲ Zoom ပြုလုပ်နိုင်တဲ့ Optical Zoom စနစ်တွေပါ ရရှိစေတာဖြစ်ပါတယ်။

ဒါပေမယ့် အခုလိုမျိုး Telephoto Lens ကို အသုံးပြုတာက အားနည်းချက်ရှိနေတုန်းပဲဖြစ်ပြီး အဲ့ဒါကတော့ Telephoto Lens ကို သေးငယ်တဲ့ Aperture f2.4 ဒါမှမဟုတ် f2.8 အထိ ရှိနေတာဖြစ်ပြီး အဲ့ဒါကနောက်ခံကို ဝါးပြီးရိုက်တဲ့ Portrait Shot တွေမှာ အလင်းရောင်ရရှိမှုနည်းပါးသွားတဲ့အတွက် အမှောင်ထဲမှာ ရိုက်ကူးဖို့ခက်ခဲတာပဲဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ်ပါ ယခုခေတ်ဟာ စမတ်ဖုန်းနဲ့ ဓါတ်ပုံရိုက်ကူးမှုတွေကို တစ်ခေတ်ဆန်းသစ်စေခဲ့တဲ့ ခေတ်လို့တောင်ပြောနိုင်ပြီး လက်ရှိသာမန် Point & Shoot ကင်မရာတွေက ရိုက်ကူးနိုင်တဲ့ ဓါတ်ပုံအရည်အသွေးထက်ကျော်လွန်တဲ့ ဓါတ်ပုံတွေကို မိမိလက်ထဲက စမတ်ဖုန်းနဲ့တင် ရိုက်ကူးနိုင်နေပြီဖြစ်ပါတယ်။ အဲ့ဒီအချက်ကတော့ ဘယ်သူမှငြင်းလို့ရနိုင်မယ်မထင်ပါဘူး။