လက်ရှိ စမတ်ဖုန်းတွေမှာ အသုံးပြုနေတဲ့ Qualcomm Snapdragon 835 Processor ကို အခုဆိုရင် ပထမဆုံးအနေနဲ့ Windows Computer တွေမှာ စတင်အသုံးပြုလာပြီ ဖြစ်ပါတယ်။ အခု ပထမဆုံး Snapdragon Processor သုံးထားတဲ့ Laptop တွေကတော့ Asus Nova Go နဲ့ HP Envy X2 Laptop တွေဖြစ်ပါတယ်။

Asus NovaGo နဲ့ HP Envy X2 Laptop ၂ ခုစလုံးဟာ သာမန် Laptop တွေထက် ပါးလွှာပြီး Touch Screen ကို Support ပြုလုပ်တဲ့ 2-in-1 Laptop တွေဖြစ်ပါတယ်။ အဆိုပါ Laptop ၂ ခုစလုံးမှာ Qualcomm Snapdragon 835 CPU ကို အသုံးပြုထားပြီး နေ့စဉ်သာမန်လုပ်ငန်းတွေမှာတော့ Windows Laptop တွေထက် စွမ်းဆောင်ရည်နိမ့်မှာ မဟုတ်ဘူးလို့ သိရပါတယ်။

အခုလို Qualcomm Mobile Processor ကို အသုံးပြုလိုက်တဲ့အတွက် အားသာချက်တွေကတော့ Battery သက်တမ်းက အနည်းဆုံး နာရီ ၂၀ နဲ့အထက် အသုံးပြုနိုင်မှာဖြစ်ပြီး Standby ထားမယ်ဆိုရင် ရက် ၃၀ အထိ ခံနိုင်မှာဖြစ်ပါတယ်။ Qualcomm ရဲ့ 4G LTE X16 Modem ပါဝင်တဲ့အတွက် 4G SIM Card ထည့်သွင်းနိုင်ပြီး Wi-Fi မလိုအပ်ပဲ အင်တာနက်ကို အမြဲတမ်း အသုံးပြုနိုင်မှာပါ။

အခု Qualcomm Processor နဲ့ Asus NovaGo နဲ့ HP Envy X2 Laptop တွေက Windows 10 S ကို အသုံးပြုလာမှာဖြစ်ပြီးတော့ Windows 10 Pro ကို အခမဲ့ Upgrade ပြုလုပ်နိုင်မယ်လို့ သိရပါတယ်။ Asus NovaGo Laptop RAM 4GB နဲ့ 64GB Storage ကို ဒေါ်လာ ၅၉၉ ၊ RAM 8GB နဲ့ 256GB Storage ကို ဒေါ်လာ ၇၉၉ နဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။

HP Envy X2 ရဲ့ အသေးစိတ်အချက်အလက်တွေနဲ့ ရောင်းချမယ့်ဈေးနှုန်းကိုတော့ မကြေငြာသွားခဲ့ပါဘူး။

Battery သက်တမ်း နာရီ ၂၀ အထက်နဲ့ 4G LTE ပါဝင်တဲ့ Snapdragon CPU နဲ့ Laptop တွေကနောက်ပိုင်းမှာ Intel Processor အသုံးပြုထားတဲ့ သာမန် Laptop တွေကို ကျော်တက်နိုင်မလား?