Space X ကုမ္ပဏီက ပထမဆုံး သုံးပြီးသား ဒုံးပျံယာဉ် (Reusable Rocket) ကို မတ်လ ကုန်မှာ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့တာကြောင့် အာကာသ လေ့လာရေး ခရီးစဉ်တွေကို တခေတ်ဆန်းစေမှာပါ။

အရင်က အာကာသထဲကို ဒုံးပျံလွှတ်တင်ဖို့ဆိုရင် ဒုံးပျံယာဉ်အသစ်တွေ ထပ်မံတည်ဆောက်ရတာကြောင့် ကုန်ကျစရိတ်များပါတယ်။ အခုတော့ သုံးပြီးသား ဒုံးပျံယာဉ်တွေရဲ့ ပထမအပိုင်းကို ပြန်လည်အသုံးပြုလာနိုင်တော့မှာကြောင့် ကုန်ကျစရိတ်တွေကျဆင်းလာနိုင်ချေရှိပါတယ်။

အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်မှာရှိတဲ့ နာဆာ အာကာသယာဉ် စခန်းကနေ သုံးပြီးသား Falcon 9 ဒုံးပျံကို စမ်းသပ် လွှတ်တင်ခဲ့ပြီး သမုဒ္ဒရာထဲမှာရှိတဲ့ “Of Course I Still Love You” ရပ်နားစခန်းမှာ အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ပါတယ်။

Space X ကုမ္ပဏီကို တည်ထောင်သူ အယ်လန် မက်စ် (Elon Musk) က ဒါဟာ ကမ္ဘာပေါ်မှာ ပထမဆုံး သုံးပြီးသားဒုံးပျံယာဉ်ကို အောင်မြင်စွာ လွှတ်တင်ဆင်းသက်နိုင်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

လွှတ်တင်ချိန်နဲ့ ဆင်းသက်ချိန် စုစုပေါင်း ၈ မိနစ် ကြာမြင့်ခဲ့ပါတယ်။

ဒေါ်လာသန်းပေါင်းများစွာတန်တဲ့ ပထမအဆင့်ပျံသန်းမှုမှာ ဖြုတ်ချခဲ့တဲ့ သုံးပြီးသားဒုံးပျံယာဉ်ကို ပြန်လည်အသုံးပြုနိုင်ခဲ့တာကြောင့် အာကာသ ခရီးစဉ်ကုန်ကျစရိတ်များလည်း အများကြီး လျော့ကျသွားမယ်လို့ မျှော်လင့်နေကြပါတယ်။

Falcon 9 ဒုံးပျံယာဉ်ကို ၂၀၁၆ ခုနှစ်၊ ဧပြီလမှာ ဆက်သွယ်ရေး ဂြိုဟ်တုတစ်ခုကို ကမ္ဘာပတ်လမ်းကြောင်းထဲကို လွှတ်တင်ရာမှာ အသုံးပြုခဲ့ပါတယ်။