[Zawgyi]

Asus ရဲ့ Zenfone Max Pro (M1) ကို ၂၀၁၈ ခုနှစ်ရဲ့ ဧပြီလမှာ မိတ်ဆက်ခဲ့ပြီး ဈေးကွက်ထဲကို မေလမှာ ရောက်ရှိလာခဲ့ပါတယ်။ ကြံ့ခိုင်မှုနဲ့ သုံးစွဲသူကို Premium ဆန်ဆန် ရသပေးစွမ်းနိုင်ဖို့ တည်ဆောက်လာတဲ့ Entry-Level စမတ်ဖုန်းတစ်လုံးဖြစ်ပြီး သူ့ရဲ့ Specs တွေကလည်း ဈေးနှုန်းနဲ့ယှဉ်ကြည့်ရင် တော်တော်လေးတန်တယ်လို့ ဆိုရမှာပါ။

၂၀၁၈ မကုန်ခင်မှာပဲ Asus ဟာ မျိုးဆက်သစ် Zenfone Max Pro (M2) ကို ထပ်မံမိတ်ဆက်လာတော့မှာ ဖြစ်ကာ “The Real Pro Is Coming” ဆိုတဲ့ Tagline နဲ့အတူ ဒီဇင်ဘာလ ၁၁ ရက် နေ့စွဲကို Tease လုပ်လာခဲ့တယ်။

တရားဝင် Teaser အနေနဲ့ ထွက်ပေါ်လာခဲ့တဲ့ ပုံတွေကို ကြည့်မယ်ဆိုရင် Zenfone Max Pro (M2) မှာ 5,000 mAh ဘက္ထရီကြီးကိုပဲ ထပ်မံသုံးစွဲလာမှာ ဖြစ်ပါတယ်။ 5,000 mAh ဆိုတဲ့ ပမာဏဟာ ပုံမှန် Flagship စမတ်ဖုန်းတွေထက်တောင် ပိုများတဲ့ ပမာဏတစ်ခုပါ။

ဒါ့ပြင် ဖုန်းရဲ့ အပေါ်ကိုယ်ထည်လိုင်းကို ဖော်ပြထားတဲ့ ဓါတ်ပုံထဲမှာ Notch တစ်ခုရဲ့ သဏ္ဍာန်ကို ထင်ရှားစွာ မြင်တွေ့ရမှာဖြစ်တယ်။ ပျင်းစရာကောင်းတဲ့ Double-chin ဒီဇိုင်းအစား ပိုတက်ကြွတဲ့ Notch ဒီဇိုင်းကို အသုံးပြုလာတာကြောင့် သူ့ရဲ့ Screen-to-body အချိုးဟာ မျိုးဆက်ဟောင်းထက် သိသိသာသာ ပိုများလာမှာ သေချာပါတယ်။

“ပိုမိုကြည်လင်ပြတ်သားသော ဓါတ်ပုံများအတွက်” ဆိုတဲ့ Teaser ထဲမှာတော့ ကင်မရာထုတ်လုပ်မှုပိုင်းမှာ ဆရာတစ်ဆူ ဖြစ်တဲ့ Sony ရဲ့ IMX486 Sensor ကိုမြင်တွေ့ရတယ်။ ဒါ့အပြင် ရိုက်ကူးလိုက်တဲ့ ဓါတ်ပုံတွေ ပုံထွက်ကောင်း ပြတ်သားဖို့အတွက် လက်ရှိဈေးကွက်ထဲက စမတ်ဖုန်းတွေမှာ အသုံးများတဲ့ OIS (Optical Image Stabilization) အစား လတ်တလောခေတ်စားလာတဲ့ EIS (Electronic Image Stabilization) စနစ်ကို အသုံးပြုလာမယ် ဆိုတာလည်း Teaser ထဲမှာတွေ့ရပါတယ်။

EIS စနစ်ဟာ ပုံရိပ်တစ်ခုကို တစ်ခုထက် ပိုတဲ့ကင်မရာတွေက တပြိုင်တည်း ရိုက်ယူလိုက်ပြီး တည်ငြိမ်ပြတ်သားတဲ့ ပုံတစ်ပုံတည်းအဖြစ် ပြန်လည်ပေါင်းစပ်ပေးတဲ့ စနစ်ဖြစ်ကာ Resolution မြင့်မားတဲ့ ဖုန်းတွေမှာ အကောင်းဆုံး စွမ်းဆောင်ရည်ကို ပေးတာကြောင့် လက်ရှိအချိန်မှာ Specs သေချာမသိရသေးတဲ့ Zenfone Max Pro (M2) မှာ ကောင်းမွန်တဲ့ Resolution နဲ့ Display ပါဝင်လာဖို့ သေချာပါတယ်။

သူ့ရဲ့ Screen ကိုတော့ ဂေါ်ရီလာမျောက်ဝံကြီးပုံနဲ့ Tease လာတာကြောင့် နာမည်ကျော် Gorilla Glass ကို အသုံးပြုလာမယ် ဆိုတာ အစတည်းက သိကြပေမယ့် အခုတော့ Gorilla Glass တောင်မှ ယခင် မျိုးဆက်တွေထက် ခံနိုင်ရည် သိသာစွာမြင့်မားတယ်လို့ ဆိုထားတဲ့ Gorilla Glass 6 ကို အသုံးပြုလာမှာ ဖြစ်ပါတယ်။ Zenfone Max Pro (M2) ဟာ ချိုသာတဲ့ ဈေးနှုန်းနဲ့ပဲ ထွက်လာမယ်လို့ ယူဆရတဲ့အတွက် Gorilla Glass 6 သုံးကြည့်ချင်သူတွေအတွက် အခွင့်အရေးကောင်းတစ်ခုလို့ ဆိုရမှာပါ။

Zenfone Max Pro (M2) မှာ Qualcomm ရဲ့ Snapdragon Chipset တစ်ခုကိုပဲ အသုံးပြုလာမှာဖြစ်ပြီး မန်မိုရီပိုင်းမှာလည်း ယခင် Max Pro (M1) ကို ပြန်ကြည့်မယ်ဆိုရင် လက်ရှိခေတ်နဲ့ကိုက်ညီတဲ့ RAM နဲ့ Storage ပမာဏ ပါဝင်လာမယ်ဆိုတာ စိတ်ချရပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီဇင်ဘာ ၁၁ ရက်နေ့မှာ စိတ်လှုပ်ရှားစရာကောင်းတဲ့ Zenfone Max Pro (M2) ကို မျက်ဝါးထင်ထင် မြင်ရတော့မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ MyTech Myanmar အဖွဲ့သားတွေလည်း Asus Zenfone Max Pro (M2) တရားဝင်မိတ်ဆက်ပွဲကို တက်ရောက်သွားမှာ ဖြစ်လို့ သတင်းတွေကို အချိန်နဲ့တပြေးညီ တင်ဆက်ပေးနိုင်မှာပါ။ Asus Zenfone Max Pro (M2) ဟာ မြန်မာနိုင်ငံကို အသေအချာ ရောက်ရှိလာမှာ ဖြစ်တဲ့အတွက် ဆန်းသစ်တဲ့နည်းပညာတွေနဲ့ မျိုးဆက်ဟောင်းထက် သိသိသာသာ Upgrade ဖြစ်လာမယ့် ဖုန်းအသစ် တစ်လုံးကို ပြည်တွင်းမှာလည်း စောစောစီးစီး သုံးစွဲခွင့်ရလာမှာပါ။

[Unicode]