Apple ကတော့ သူတို့ရဲ့ ကား Project ကိုလက်မလျှော့သေးပါဘူး။ ကားထုတ်လုပ်ဖို့တော့ သတင်းအစအနမကြားရတော့ပေမယ့် မောင်းသူမဲ့ကားနည်းပညာအတွက်တော့ အခုချိန်အထိ တက်တက်ကြွကြွနဲ့ လေ့လာစမ်းသပ်မှုတွေလုပ်နေသေးတာကိုတွေ့ရပါတယ်။

မောင်းသူမဲ့ကားတွေကို ကုမ္ပဏီတော်တော်များများက ထုတ်လာပြီဖြစ်တာကြောင့် အရင်ကလို ရှားပါးတဲ့ နည်းပညာတစ်ခုတော့ မဟုတ်တော့ပါဘူး။ မောင်းသူမဲ့ကားတွေကတော့ လိုရာခရီးကို သက်သောင့်သက်သာနဲ့ပို့ပေးနိုင်တာကြောင့် ကုမ္ပဏီကြီးတော်တော်များများက စိတ်ဝင်စားမှုများနေပါတယ်။

Google ကတော့ သူတို့ရဲ့ လက်တွဲဖက် Waymo ဆိုတာရှိပါတယ်။ Waymo ဆိုတာကတော့ မောင်းသူမဲ့ကားနည်းးပညာကို စမ်းသပ်ဖန်တီးနေတဲံ့ Google ရဲ့လက်အောက်က ကုမ္ပဏီတစ်ခုပါ။ Apple အနေနဲ့လည်း အနာဂတ်မှာ လိုအပ်လာရင်ထုတ်သုံးဖို့အတွက် မောင်းသူမဲ့ကားနည်းပညာကို ကြိုတင်စမ်းသပ်နေတာပဲဖြစ်ပါတယ်။

လက်တလေမှာတင် Apple စမ်းသပ်နေတဲ့ ကားအစီးပေါင်း ၅၅ စီးဝန်းကျင်ရှိပြီး နောက်ထပ်လည်း လိုအပ်သလို ကားတွေထပ်ထည့်နေပါတယ်။ Apple လက်ရှိအသုံးပြုနေတာကတော့ Lexus RX450h SUV တွေဖြစ်ပြီး နောက်ထပ်လည်း RX တွေကိုပဲထပ်ထည့်နေတာကြောင့် စမ်းသပ်မှုအဆင့်ပိုများလာပြီလို့ ယူဆရပါတယ်။ အနာဂတ်မှာ Apple က ကားထုတ်လာမလား ဒါမှမဟုတ် Apple ရဲ့နည်းပညာကို အခြားနေရာတွေမှာ ပြန်တွေ့လာနိုင်ပါတယ်။