Microsoft ရဲ့ Surface စမတ်ဖုန်း နဲ့ ပတ်သတ်ပြီး ကောလာဟလတွေ အများကြီး ထွက်ပေါ်ခဲ့သလို နည်းပညာ ချစ်မြတ်နိုးသူတွေကြားမှာ လက်ရှိ အချိန်မှာ အမြင်တွေ့ချင်ဆုံး စမတ်ဖုန်း တစ်လုံး အဖြစ် နေရာယူထားတာ ကြာခဲ့ပါပြီ။
Microsoft အနေနဲ့ စမတ်ဖုန်း ဈေးကွက်မှာ ကျရှုံးမှု များစွာနဲ့ ယခင်တုန်းက ကြုံတွေ့ခဲ့ရတာကြောင့် နောက်ထပ် အဖြစ်ဆိုးမျိုးနဲ့ မကြုံတွေ့ရအောင် Laptop ဒါမှမဟုတ် Tablet တစ်လုံး အဖြစ် အသုံးပြုနိုင်ပြီး Windows 10 Operating System Built-In ပါဝင်တဲ့ SURFACE စမတ်ဖုန်း ကို မိတ်ဆက်ပေးဖို့ ပြင်ဆင်နေခဲ့တာ အချိန် အတော်ကြာခဲ့ပြီ ဖြစ်ပါတယ်။


ဒီနေ့မှာတော့ Microsoft ရဲ့ SURFACE စမတ်ဖုန်း ကို မျှော်လင့်နေတဲ့ ပရိသတ်တွေရဲ့ မျှော်လင့်ချက်ကို ရိုက်ချိုးပစ်မယ့် သတင်း တစ်ပုဒ် ပေါ်ထွက်လို့ လာခဲ့ပါတယ်။ လက်ရှိ ထွက်ပေါ်လာခဲ့တဲ့ သတင်းအရ Microsoft အနေနဲ့ Libra, Carmel, Andromeda လို့ အမည်ဝှက် ပေးထားတဲ့ SURFACE Device တွေကို ချပြဖို့ စစချင်းမှာ ပြင်ဆင်ခဲ့တယ်လို့ သိရပါတယ်။


ပထမဆုံး အနေနဲ့ Libra လို့ အမည်ဝှက် ပေးထားတဲ့ ဒေါ်လာ ၄၀၀ တန် Surface Go Tablet ကို Apple ရဲ့ iPad တွေ နဲ့ Tablet ဈေးကွက်မှာ ယှဉ်ပြိုင်ဖို့ အတွက် ပြီးခဲ့တဲ့ အပတ်က မိတ်ဆက် ပေးခဲ့ပါတယ်။ ဒါ့အပြင် Carmel လို့ အမည်ဝှက် ပေးထားတဲ့ Surfae Pro 6 ကိုလည်း မကြာမီ အချိန်အတွင်းမှာ မိတ်ဆက် ပေးနိုင်အောင် ကြိုးပမ်း နေတယ်လို့ သိရပါတယ်။


ဒါပေမယ့် Andromeda လို့ အမည်ဝှက်ပေးထားတဲ့ Project ကိုတော့ လက်ရှိ အချိန်မှာ ခေတ္တ ခဏ ရပ်ဆိုင်း ထားတယ်လို့ သိရပါတယ်။ Andromeda ဆိုတာကတော့ Tablet ဒါမှမဟုတ် Laptop အဖြစ် အသုံးပြုနိုင်တဲ့ Windows 10 Operating System ပါဝင်တဲ့ Surface စမတ်ဖုန်း ရဲ့ အမည်ဝှက်ပဲ ဖြစ်ပါတယ်။


မကြာသေးမီ အချိန်က Surface စမတ်ဖုန်း နဲ့ ပတ်သတ်ပြီး Render ပုံရိပ်တွေ ထွက်ပေါ်ခဲ့တာကြောင့် မကြာမီ အချိန်အတွင်းမှာ ဈေးကွက်ထဲမှာ မြင်တွေ့ရနိုင်တယ်လို့ ကျွမ်းကျင်ပညာရှင်များက ခန့်မှန်းခဲ့ကြပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာ ထွက်ပေါ်နေတဲ့ အချက်အလက်များ အရ Microsoft အနေနဲ့ Andromeda ပရောဂျက် ကို ခေတ္တရပ်ဆိုင်းထားပြီး ယခုနှစ်ကုန်ပိုင်းလောက်မှ ပြန်လည် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ Andromeda ပရောဂျက် ကို လုံးဝကြီး ဖျက်သိမ်း ပစ်လိုက်တာတော့ မဟုတ်သေးပါဘူး။ Microsoft အနေနဲ့ လက်ရှိ အချိန်မှာ Andromeda ပရောဂျက် နဲ့ ပတ်သတ်ပြီး တရားဝင် သတင်း ထုတ်ပြန်ခြင်းတော့ မရှိသေးပါဘူး။


ကြည့်ရတာ Microsoft အနေနဲ့ အသစ် မိတ်ဆက် ပေးသွားမယ့် Surface စမတ်ဖုန်း ကို စမတ်ဖုန်း ရာဇဝင်မှာ တစ်ခေတ် ဆန်းသစ်တဲ့ စမတ်ဖုန်း တစ်လုံး အဖြစ် မြင်တွေ့စေရမယ်လို့ ကြွေးကျော် ထားတာကြောင့် ထွက်ပေါ်လာတဲ့ အချိန်မှာ အမှားအယွင်း တစုံတရာ မရှိအောင် သေချာ ပြင်ဆင်ဖို့ အတွက် အချိန်ယူနေတဲ့ ပုံပါပဲ။

REF: GizChina