Xiaomi ကိုယ်တိုင်က လာမယ့် မေလ ၃၁ ရက်နေ့မှာ Xiaomi Mi 8 စမတ်ဖုန်းကို တရားဝင်ထုတ်ဖော်ပြသသွားမယ်လို့ ကြေညာပြီးဖြစ်ပါတယ်။ Xiaomi ရဲ့ နောက်ဆုံး Mi Series စမတ်ဖုန်းက Mi 6 ဖြစ်ပြီးတော့ အခုလိုမျိုး Mi 7 မဖြစ်လာတော့ပဲ Mi 8 ကို တန်းရောက်သွားတာက အနည်းငယ်စိတ်ဝင်စားစရာကောင်းနေပါတယ်။ အဲ့ဒီအတွက် Xiaomi ကနေ ဘာဖြစ်လို့ Mi 7 ကိုကျော်ပြီး Mi 8 လို့ နာမည်ပေးလိုက်တာလဲဆိုတာကို သူရဲ့ Weibo Account မှာ ရှင်းပြခဲ့ပါတယ်။

Xiaomi က အခုလိုမျိုး Mi 8 လို့ နာမည်ပေးရတဲ့အကြောင်းကိုတော့ အသေးစိတ်ပြောကြားသွားခြင်းမရှိပေမယ့် အခု Mi 8 စမတ်ဖုန်းဟာ ယခင် Mi Series စမတ်ဖုန်းတွေရဲ့ အဆင့်တစ်ဆင့်ချင်းစီ တိုးတက်မှုထက် အဆများစွာသာလွန်တဲ့ တိုးတက်မှုရှိလာတဲ့အတွက်ကြောင့် အခုလိုမျိုး Mi 7 ကို ကျော်ပြီးတော့ Mi 8 လို့ပြောင်းလဲခဲ့တာလို့ ပြောကြားသွားတာဖြစ်ပါတယ်။ ဒါ့အပြင် Xiaomi ဟာ ပြီးခဲ့တဲ့ လကမှ ကုမ္ပဏီသက်တမ်း ၈ နှစ်ပြည့်တာဖြစ်တဲ့အတွက် အခုလိုမျိုး ၈ နှစ်ပြည့်ဖုန်းအနေနဲ့ Mi 7 အစား Mi 8 လို့ နာမည်ပေးလိုက်တာလည်းဖြစ်ပါတယ်။

Xiaomi Mi 8 စမတ်ဖုန်းဟာ လက်ရှိအချိန်မှာ အကောင်းဆုံးသော Android စမတ်ဖုန်းတစ်ခုဖြစ်လာနိုင်ပြီးတော့ 6.2″ FullHD+ Display ၊ Qualcomm Snapdragon 845 Processor ၊ RAM 8GB နဲ့ အတူ Android Oreo 8.1 ကိုအခြေခံထားတဲ့ MIUI 10 နဲ့အတူထွက်ရှိလာမှာဖြစ်ပါတယ်။

ဒါတင်မကသေးပဲ Xiaomi Mi 8 ဖုန်းက In-Display Fingerprint အပြင် Android ဖုန်းတွေထဲမှာ ပထမဆုံးအနေနဲ့ 3D Face ID ကိုပါ အသုံးပြုလာဦးမှာဖြစ်ပါတယ်။