Xiaomi ရဲ့ Redmi Note 5 စမတ်ဖုန်းက လက်ရှိအချိန်မှာ Xiaomi ရဲ့ အရောင်းရဆုံးသော Budget စမတ်ဖုန်းတစ်ခုဖြစ်နေပါတယ်။ ဒါပေမယ့် အခုအချိန်မှာ Xiaomi ကနေ Redmi Note 5 နဲ့ အချက်အများအပြားတူညီပြီးတော့ ဈေးပိုသက်သာတဲ့ စမတ်ဖုန်းတစ်ခုကို မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။

အခု Xiaomi ရဲ့ ထွက်ရှိလာတော့မယ့် စမတ်ဖုန်းအသစ်မှာ Xiaomi Redmi Note 5 စမတ်ဖုန်းလိုပဲ Dual Camera ပါဝင်လာမယ့်အပြင် 5.99″ 18:9 Ratio Full Screen Display ပါဝင်လာမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း Redmi Note 5 လိုမျိုး Full HD+ Resolution အနေနဲ့တော့ ဟုတ်မှာမဟုတ်တော့ပဲ HD+ Resolution ကိုပဲ အသုံးပြုလာမှာဖြစ်ပါတယ်။

Processor ပိုင်း အနေနဲ့ကတော့ Octa Core 2.0GHz ပါဝင်လာမှာဖြစ်ပြီးတော့ RAM ကတော့ 2GB ကနေ 4GB အထိ ရွေးချယ်နိုင်မှာဖြစ်သလို Storage ကလည်း 16GB ကနေ 64GB အထိ ထည့်သွင်းနိုင်မှာပါ။ အဲ့ဒီအတွက် အနည်းငယ်လျော့ထားတယ်လို့တော့ ပြောလို့ရပါတယ်။

နောက်ထပ် Redmi Note 5 နဲ့ ကွာခြားတဲ့အချက်တစ်ခုကတော့ Battery ပဲဖြစ်ပြီးတော့ 3000mAh Battery ပဲပါဝင်မယ်လို့ သိရပါတယ်။ အနည်းငယ် နည်းတယ်လို့ ပြောလို့ရပေမယ့် HD+ Resolution ပဲ ရှိမှာဖြစ်တဲ့အတွက် မဆိုးဘူးလို့တော့ပြောလို့ရပါတယ်။

Xiaomi Redmi Note 5 ဟာ လက်ရှိအချိန်မှာ ဈေးနှုန်းအနေနဲ့ ၂ သိန်းခွဲဝန်းကျင်လောက်ကနေ စတင်နေတာဖြစ်တဲ့အတွက် အခု Xiaomi စမတ်ဖုန်းက ငွေကျပ် ၂ သိန်းအောက်ကနေ စတင်မယ်လို့ ယူဆရပါတယ်။