တရုတ်နိုင်ငံ အခြေစိုက် နာမည်ကြီး စမတ်ဖုန်း ကုမ္ပဏီကြီး တစ်ခု ဖြစ်တဲ့ Xiaomi အနေနဲ့ ပြီးခဲ့တဲ့ မေလ ၃၁ ရက်နေ့မှာ Mi 8, Mi 8 SE, Mi 8 Explorer Edition စတဲ့ စမတ်ဖုန်း မော်ဒယ် သုံးမျိုး ကို မိတ်ဆက် ပေးခဲ့ပါတယ်။

Mi 8 နဲ့ Mi 8 SE မော်ဒယ် နှစ်ခု ကို ဇွန်လ အစောပိုင်းမှာ စတင် ရောင်းချပေးခဲ့မယ့် လူတိုင်း မျှော်လင့် စောင့်စား နေကြပြီး ဖောက်ထွင်း မြင်နိုင်တဲ့ Glass Panel ကို အသုံးပြုထားတဲ့ Mi 8 Explorer Edition ကိုတော့ လက်ရှိ အချိန်ထိ တရားဝင် ရောင်းချခဲ့ခြင်း မရှိသေးပါဘူး။

ပြီးခဲ့တဲ့ အပတ်တုန်းက Xiaomi အနေနဲ့ Mi 8 Explorer Edition အတွက် တရုတ်နိုင်ငံ အတွင်း ရောင်းချခွင့် TENNA Approval ရရှိခဲ့ပြီ ဖြစ်တယ်လို့ ကြေငြာ သွားခဲ့ပါတယ်။ ယခုအခါမှာတော့ Mi 8 Explorer Edition Flagship စမတ်ဖုန်း ကို ဇူလိုင်လ ၂၄ ရက်နေ့မှာ စတင် ရောင်းချသွားမှာ ဖြစ်တဲ့ အကြောင်း တရားဝင် ကြေငြာ သွားခဲ့ပြီ ဖြစ်ပါတယ်။

လက်ရှိ အချိန်မှာ ထွက်ပေါ်လာတဲ့ သတင်းများအရ Mi 8 Explorer Edition Flagship စမတ်ဖုန်း ကို ဇူလိုင်လ ၂၄ရက် တရုတ် နိုင်ငံတွင်း စံတော်ချိန် မနက် ၁၀ နာရီမှာ တရုတ် နိုင်ငံတွင်းမှာ စတင် ရောင်းချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ Mi 8 Explorer Edition RAM 8/ Internal 128 မော်ဒယ် ကို ကန်ဒေါ်လာ ၅၇၇ ဒေါ်လာ (မြန်မာငွေ ၈သိန်း ဝန်းကျင်) နဲ့ ရောင်းချသွားမှာ ဖြစ်တယ်လို သိရပါတယ်။

ဒါ့အပြင် Mi 8 Explorer Edition RAM 4/ Internal 64 မော်ဒယ်၊ RAM 6/ Internal 128 စတဲ့ မော်ဒယ် နှစ်မျိုး ကိုပါ ရောင်းချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ယခု မော်ဒယ် နှစ်ခု အတွက်တော့ ဈေးနှုန်း အတိအကျ ကို သိရှိရခြင်း မရှိသေးပေမယ့် ကန်ဒေါ်လာ ၅၀၀ ဝန်းကျင် (မြန်မာငွေ ၇ သိန်း ဝန်းကျင်) နဲ့ ရောင်းချ သွားနိုင်တယ်လို့ ကျွမ်းကျင်သူများက ခန့်မှန်းထားကြပါတယ်။

ဇူလိုင်လ ၂၄ ရက်နေ့မှာ တရုတ်နိုင်ငံ အတွင်းမှာသာ စတင် ရောင်းချသွားမှာ ဖြစ်ပြီး နိုင်ငံတကာ ဈေးကွက် ကို ဖြန့်ချီသွားမယ့် နေ့ရက်ကိုတော့ Xiaomi ဘက်က တရားဝင် ထုတ်ပြန် ကြေငြာထားခြင်း မရှိသေးပါဘူး။ တရုတ်နိုင်ငံ အတွင်းမှာ စတင် ရောင်းချတော့မှာ ဖြစ်တာကြောင့် နိုင်ငံတကာမှာလည်း မကြာမီ အချိန်အတွင်း မြင်တွေ့ ရနိုင်ပါတယ်။

REF: GSM Arena