ZTE ဟာ ပြီးခဲ့တဲ့ IFA 2018 မှာ 5G နည်းပညာပိုင်းနဲ့ပတ်သတ်ပြီး ပြသမှုတွေမျိုးစုံကို ပြုလုပ်သွားခဲ့တာဖြစ်ပါတယ်။ အဆိုပါ နည်းပညာတွေထဲမှာ Mulit-Antenna Arrays စနစ်တွေ၊ Power ပိုမိုစားသုံးမှုတွေအတွက် Heat Dissipation Structure တွေကိုပါဝင်ခဲ့တာဖြစ်ပြီးတော့ 5G နည်းပညာကို ZTE က အရှိန်အဟုန်နဲ့ ဆောင်ရွက်နေတယ်ဆိုတာကို ပြသခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် အခုလိုမျိုး 5G နည်းပညာတွေကိုပြသသွားခဲ့ပေမယ့် ZTE က 5G ဖုန်းကိုတော့ အစောဆုံးထုတ်ပြနိုင်မယ့်ပုံမပေါ်ပါဘူး။ ဘာကြောင့်လဲဆိုရင် လက်ရှိအချိန်မှာ ZTE ကနေ 5G ဖုန်းကို ၂၀၁၉ နှစ်ဝက်နောက်ပိုင်း နှစ်ကုန်ခါနီးမှ ထုတ်သွားမယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် အခုလိုမျိုး 5G နည်းပညာတွေကို အသည်းအသန်ဆောင်ရွက်နေပါလျက်နဲ့ ဘာကြောင့် 5G ဖုန်းကို မထုတ်လုပ်နိုင်တာလဲဆိုတာက စဉ်းစားစရာဖြစ်လာပါတယ်။

ZTE ကတော့ အခုကိစ္စအတွက် ဖြေရှင်းချက်မထုတ်ပေးခဲ့ပေမယ့် ဖြစ်လာနိုင်တဲ့ ပြဿနာတွေကိုပဲ ပြောကြားသွားခဲ့ပါတယ်။ အဆိုပါ ပြဿနာတွေကတော့ 5G စမတ်ဖုန်းထုတ်လုပ်တာက ပုံမှန် စမတ်ဖုန်းတစ်လုံးကို 5G Modem တပ်ဆင်တာနဲ့တင် ပြီးသွားတာမဟုတ်ဘဲ Antennas တွေ ပိုမိုတပ်ဆင်ဖို့၊ Beamforming ၊ mmWave အစရှိတဲ့ နည်းပညာအသစ်တွေကိုပါ ထည့်သွင်းဖို့ လိုအပ်ပြီးတော့ တဖက်ကလည်း Battery Life နဲ့ Heat ပိုမတက်အောင် ထိန်းညှိပေးနေရတာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။

လောလောဆယ်မှာတော့ Motorola Z3 ဖုန်းဟာ 5G Mod တပ်လိုက်တာနဲ့တင် 5G ကို အသုံးပြုနိုင်တဲ့ စမတ်ဖုန်းတစ်ခုဖြစ်လာပြီးတော့ အခြားသော LG နဲ့ Samsung တို့ကလည်း လာမယ့် ၂၀၁၉ နှစ်စမှာတင် 5G ဖုန်းကို ထုတ်လုပ်မယ်လို့ ကြေညာထားကြတာဖြစ်ပါတယ်။ အခြားသော Huawei ၊ OPPO လို ကုမ္ပဏီတွေကလည်း 5G နည်းပညာကို စမတ်ဖုန်းတွေမှာ စတင်စမ်းသပ်နေကြပြီဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ်နောက်နှစ်မှာ 5G စနစ်ကို အစပျိုးနေပြီဆိုပေမယ့်လည်း Devices တွေအများစုကတော့ 5G ကို အသုံးပြုနိုင်ဦးမှာမဟုတ်တဲ့အတွက် ZTE အနေနဲ့ စိတ်ချရတဲ့အထိ နောက်ဆုတ်နေတာလည်း ဖြစ်နိုင်ပါတယ်။